ရာဇဝတ်ဂိုဏ်းသားများကြီးစိုးချုပ်ကိုင်ထားသည့် ဗင်နီဇွဲလား အကြီးဆုံးအကျဉ်းထောင်ကိုဗင်နီဇွဲလားအစိုး၇က စစ်သား ၁၁၀၀၀ စေလွှတ်ပြီး ပြန်လည်ထိန်းချုပ်လိုက်ရသည်ဟုသိရှိ၇သည်။
နိုင်ငံမြောက်ပိုင်းရှိတိုကိုရွန် အကျဉ်းထောင်သည် ထရန်းဒီ အာရာဂွါ ရာဇဝတ်ဂိုဏ်းကြီး၏ထိန်းချုပ်မှုအောက်တွင် နှစ်ပေါင်းများစွာ ရောက်ရှိနေခဲ့သည်။
ရာဇဝတ်ဂိုဏ်းသားများသည်အကျဉ်းထောင်နှင့် ပတ်ဝန်းကျင်တွင် လွတ်လပ်စွာ သွားလာကျက်စားနေကြပြီးအကျဉ်းထောင်အတွင်း ဇိမ်ခံဟိုတယ်တစ်ခုကဲ့သို့ ရေကူးကန်၊နိုက်ကလပ် နှင့် တိရိစ္ဆာန်ရုံအသေးစားပင် ထည့်သွင်းကာ နေထိုင်ကြသည်ဟုဒေသခံမီဒီယာများက ဖော်ပြသည်။
အစိုးရအာဏာပိုင်များကအဆိုပါအကျဉ်းထောင်ရှိ အကျဉ်းသား ၆၀၀၀ ကို အခြား အကျဉ်းထောင်များသို့ပြောင်းရွှေ့မည်ဟု ဆိုသည်။
အကျဉ်းထောင်အတွင်းတွင်အကျဉ်းသားမဟုတ်သူ အများအပြားသည် အကျဉ်းကျနေသူများနှင့်အတူနေထိုင်လျှက်ရှိကြသည်။
အစိုးရအာဏာပိုင်များက အကျဉ်းသားများကို နေရာပြောင်းရွှေ့မည်ဟု ဆိုသောအခါ အချို့သော အကျဉ်းသားဆွေမျိုးများက ဘယ်နေရာရောက်မည်မသိ၇၍အော်ဟစ်ငိုကြွေးကြသည်ဟု ဆိုသည်။
" ကျွန်မယောင်္ကျားကိုသူတို့ ဘယ်ခေါ်သွားမလဲ သိချင်လို့ စောင့်နားထောင်နေပါတယ်။ကျွန်မ ဒီမှာနေတာကြာပြီ။ ခုတော့ သူတို့ အားလုံးကို ကန်ထုတ်လိုက်ကြပြီ"ဟု ဂလေဒီ ဟာနန်ဒက်ဇ်ဆိုသူ အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီသို့ပြောကြားခဲ့သည်။
လုံခြုံရေးအစောင့်များကမော်တော်ဆိုင်ကယ်၊ ရုပ်မြင်သံကြားစက် နှင့် မိုက်ကရိုဝေ့ဖ်မီးဖိုများကို ထောင်တွင်းမှ သယ်ထုတ်သွားသည်ကို မြင်တွေ့ခဲ့၇သည်ဟုသတင်းထောက်များက ဆိုသည်။
ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီးကအကျဉ်းထောင်ကို ပြန်လည်သိမ်းပိုက်ပြီး ရာဇဝတ်မှုများနှင့်အကောက်ကြံမှုမျိုးစုံပြုလုပ်နေသည့် စင်တာတစ်ခုကို ဖျက်သိမ်းပစ်နိုင်ခဲ့သည့်အရာရှိများအား ချီးကျူးဂုဏ်ပြုကြောင်း အိတ်စ် ( ယခင်တွစ်တာ) စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထရန်ဒီအာရာဂွါ ဂိုဏ်းခေါင်းဆောင် ဟက်တာ ဂွါရေးရိုး ဖလိုးရက်စ် သည် လူသတ်မှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ထောင်ဒဏ် (၁ရ)နှစ် ကျခံနေ၇သူဖြစ်သည်။
သို့သော်ဂွါရေးရိုးစ် ဖလိုရက်စ်သည် အလွန် အာဏာကြီးမားပြီး အချိန်ပြည့် အကျဉ်းသား အဖြစ်မရောက်ရှိမီက အကျဉ်းထောင်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနေသူတစ်ဦးဟုWindow to Freedom အဖွဲ့မှ ညှိနှိုင်းရေးမှူး ကားလို့စ် နီးတိုက ပြောဆိုသည်။
NN-27
ref:bbcworld