Preview

အစ္စရေးက ဉာဏ်ရည်တုနည်းပညာသုံးမျိုးဆက်သစ် ဘာရက်အေအိုင်တင့်ကား ထုတ်ပြ

စက်တင်ဘာ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :1143
နိုင်ငံတကာ သတင်း
(လူကိုယ်တိုင် အပြင်ထွက်ကြည့်စရာမလိုဘဲတိုက်ပွဲဝင်နိုင်စွမ်းရှိ)

 

အစ္စရေးနိုင်ငံကတီထွင်ထုတ်လုပ်လိုက်သည့် ဉာဏ်ရည်တုနည်းပညာသုံး( Artificially Intellengent) တင့်ကားသစ်တစ်မျိုးကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင်ထုတ်ဖော်ပြသလိုက်သည်။

 

ဘာရက်(Barak) ခေါ် " လျှပ်စီး" ဟု အမည်ပေးထားသည့် အဆိုပါတင့်ကားသစ်သည် အေအိုင် ( ArtificiallyIntelligent ) နည်းပညာသုံးမျိုးဆက်သစ် တင့်ကားအမျိုးအစားဖြစ်ပြီးအေအိုင်အခြေခံ အာရုံစနစ်နှင့် လုပ်ဆောင်မှုများ ပါဝင်သလို၃၆၀ ဒီဂရီအထိ လှည့်ပတ်ကြည့်ရှုနိုင်သော တင့်ကားမောင်းသူအတွက်ယာဉ်မောင်းခမောက် ( Pilot's helmet ) လည်း ပါဝင်ပြီး တင့်ကားအတွင်း လက်နှိပ်စကရင်မျိုးစုံနှင့် ထိန်းချုပ်ရေးစနစ်လည်း ပါဝင်သည်ဟုသိ၇သည်။

 

" ယုန်ကစ်ပူးစစ်ပွဲနှစ် ၅၀ ပြည့်တဲ့ ဒီနေ့မှာ ဂုဏ်ယူစရာ တင့်ကားသစ်တစ်မျိုးကိုကျွန်တော်တို့ ပြသနိုင်ခဲ့တယ်။ ဒါဟာ သူရဲကောင်းတို့ရဲ့စစ်ပွဲအတွင်း သံချပ်ကာတပ်တွေနဲ့ နိုင်ငံကို ကာကွယ်ပေးခဲ့တဲ့အထိမ်းအမှတ်လည်းဖြစ်တယ်။ တင့်ကားတွေရဲ့ အစွမ်းထက်မှုဟာ မြေပြင်စိုးမိုးမှုရဲ့အခြေခံ ဖြစ်တယ်ဆိုတဲ့ သက်သေကို ကျွန်တော်တို့ လက်ခံရရှိခဲ့ကြတယ်" ဟု အစ္စရေးကာကွယ်ရေး ဝန်ကြီးယော့ဗ် ဂဲလန့်က ပြောကြားခဲ့သည်။

 

ယခုထုတ်လုပ်လိုက်သည့် အစ္စရေးတို့၏ မျိုးဆက်သစ် အေအိုင်တင့်ကားသည် စစ်မြေပြင်၏ အနေအထားအမျိုးမျိုးကို အခြေခံ၍ အဆင့်မြင့်အမိန့်ပေးကွပ်ကဲသူကိုယ်တိုင် တင့်ကားအတွင်းလိုက်ပါစရာမလိုဘဲ လိုအပ်သလိုစေခိုင်းနိုင်စွမ်းရှိသည်ဟု ဆိုသည်။

 



သံမဏိမြင်ကွင်း( Iron Vision) ဟု ခေါ်တွင်သည့် တင့်ကား၏ ယာဉ်မောင်း ခမောက် ( Pilot's helmet) သည် ယာဉ်မောင်းအားအပြင်ဘက်ရှိမြင်ကွင်းများကို ထွင်းဖောက်မြင်နိုင်အောင်လုပ်ဆောင်ပေးပြီး ရှေ့တွင်ရှိသည့် အတားအဆီးများနှင့်မမြင်ရသည့်အရာများကို ဖြတ်ကျော်နိုင်သည့်အတွက် စစ်ဆင်ရေး လုံခြုံမှုကိုပိုမိုပေးနိုင်သည်ဟု ဆိုသည်။

 

တင့်ကားမောင်းသူအနေဖြင့်တင့်ကားအမိုးဖုံးကိုဖွင့်ကာ ပြင်ပသို့ ကြည့်ရန် မလိုသည့်အတွက်ရန်သူ၏ ချောင်းမြောင်းပစ်ခတ်မှုအန္တရာယ်မှလည်း ကင်းဝေးသွားသည်။

 

ထို့ကြောင့်ဘာရက် တင့်ကားများ၏ စွမ်းဆောင်ရည်ဖြင့် ရန်သူနှင့် အနီးကပ်တိုက်ပွဲများဆင်နွှဲနိုင်မည် ဖြစ်သည်။ အလားတူတင့်ကားအမြောက်၊ မြင်ကွင်းကြည့်ရှုမှုနှင့် ညကြည့်ကိရိယာများကိုလည်း အဆင့်မြင့်တပ်ဆင်ထားသည်။

 

" ဘာရက် တင့်ကားတွေဟာကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး တိုက်ခိုက်ရေး ယန္တယားတွေဖြစ်ပြီးမြေပြင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို အေအိုင်နည်းပညာနဲ့အတူမြှင့်တင်ပေးနိုင်ခဲ့တယ်" ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် အီရယ် ဇမိုင်းယားကပြောကြားခဲ့သည်။

NN-27

Ref:(ANI/TPS)

#အစ္စရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.