ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

အမေရိကန်က ယူကရိန်းကို ခေတ်မီ တာဝေးပစ် ဒုံးပျံ( ATACMS) များ ထောက်ပံ့ကူညီမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 997

ယူကရိန်း၏ တန်ပြန်ထိုးစစ်ကို အထောက်အကူပြုရန် ရည်ရွယ်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပိုမိုခေတ်မီသော တာဝေးပစ်ဒုံးပျံများ ယူကရိန်းသို့ ပေးပို့ရန် စီစဉ်နေသည်ဟု သိရှိရသည်။

ယူကရိန်းအနေဖြင့် မိုင် ၁၉၀ (ကီလိုမီတာ ၃၀၀) အထိ ပစ်ခတ်နိုင်စွမ်းရှိသော ATACMS ဒုံးပျံများ လက်ခံရရှိမည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် မီဒီယာများက ဖော်ပြသည်။

အဆိုပါ ဒုံးပျံများရရှိလာသဖြင့် ရှေ့တန်းစစ်မျက်နှာမှ ရုရှားနိုင်ငံအတွင်းပိုင်းရှိ ပစ်မှတ်များအထိ ယူကရိန်းတို့ ပစ်ခတ်နိုင်တော့မည်ဖြစ်သည်

ပြီးခဲ့သည့် သောကြာနေ့က ယူကရိန်းတို့ ပစ်ခတ်လိုက်သော ဒုံးပျံသည် ခရိုင်းမီးယားရှိ ရုရှားတို့၏ ပင်လယ်နက် ရေတပ်စခန်းဌာနချုပ်ကို ထိမှန်ခဲ့သည်။

ယူကရိန်းစစ်တပ် သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ ဆီဗက်စ်တိုပိုလ် ဆိပ်ကမ်းတိုက်ခိုက်မှုတွင် ဗြိတိန် နှင့် ပြင်သစ်က ထောက်ပံ့ထားသော Storm Shadow ဒုံးပျံများ အသုံးပြုခဲ့သည်ဟု ဆိုသည်။

အဆိုပါဒုံးပျံများမှာ မိုင် ၁၅၀ ကျော်အထိ ပစ်ခတ်နိုင်စွမ်းရှိသည်။


ပြီးခဲ့သည့် ကြာသပတေးနေ့က အိမ်ဖြူတော်တွင် သမ္မတ ဂျိုးဘိုင်ဒင် နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ တွေ့ဆုံကြစဉ် ဂျိုးဘိုင်ဒင်က တာဝေးပစ် (ATACMS) ဒုံးပျံအချို့ကို ယူကရိန်းသို့ ပေးပို့သွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ NBC News နှင့် Wall Street Journal တို့က ဖော်ပြကြသည်။

ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ ဒုံးပျံများကို လာမည့် ရက်သတ္တပတ်များအတွင်း ပေးပို့သွားမည်ဟု ဆိုသည်။

ယခုသတင်းနှင့်ပတ်သက်၍ အမေရိကန်ကရော ယူကရိန်းကပါ တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးဟု ဆိုသည်။

သမ္မတ ဂျိုးဘိုင်ဒင် နှင့် ဇီလန်းစကီးတို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဝါရှင်တန်က ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၃၂၅ သန်း ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည်။ ထိုအထဲတွင် လက်နက်ကြီးများ နှင့် ခဲယမ်းမီးကျောက်များလည်း ပါဝင်သည်။

အမေရိကန်သည် လာမည့်အပတ်အတွင်း ယူကရိန်းသို့ အေဘရမ်တင့်ကားများ ပေးပို့မည်ဟု သိရသည်။ တာဝေးပစ် ATAMCS ဒုံးပျံကိစ္စနှင့်ပတ်သက်၍ သမ္မတနှစ်ဦးစလုံးက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ရှောင်လွဲ​ခဲ့ကြသည်။

ကနေဒါသို့ အလည်အပတ်သွားရောက်ခဲ့သည့် ဇီလန်းစကီးက သမ္မတဘိုင်ဒင်နှင့် တွေ့ဆုံခဲ့စဉ် သဘောတူညီမှုများ ရရှိခဲ့သည်ဟုသာ ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန်က ယခုကဲသို့ ပိုမိုထိရောက်သော တာဝေးပစ်ဒုံးပျံများ ယူကရိန်းသို့ ပေးပို့မှုကြောင့် နျူးကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် ရုရှားနှင့် ထိပ်တိုက်တွေ့ရန် ပိုမိုနီးစပ်လာသည်ဟု ဆိုသည်။

 NN-27

 ref:bbcworld

----

ဆက်စပ် သတင်းများ