သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ပဋိပက္ခမီးတောက်လောင်နေသော ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းတွင် မြန်မာနိုင်ငံ ထိပ်ဆုံးကရပ်တည်နေ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 866

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ပဋိပက္ခမီးတောက်လောင်နေသော ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းကို ACLED က မကြာမီက ထုတ်ပြန်ခဲ့ရာ အဆိုပါ စာရင်းတွင် မြန်မာနိုင်ငံသည် အဆိုးရွားဆုံး နံပါတ် (၁)စာရင်းဝင် နိုင်ငံအဖြစ် ရပ်တည်နေသည်။

လက်နက်ကိုင် ပဋိပက္ခ၊ တည်နေရာနှင့် အဖြစ်အပျက်ဆိုင်ရာ အချက်အလက် ပရောဂျက်( Armed Conflict Location & Event Data Project ACLED) က အဆိုပါစာရင်းကို လွန်ခဲ့သည့်နှစ်က ဖြစ်ပွါးခဲ့သော နိုင်ငံရေးအကြမ်းဖက်မှုဆိုင်ရာ အဓိက အချက်အလက် အကြောင်းအရာ လေးခုအပေါ် အခြေခံ၍ စာရင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

အကြောင်းအရာ လေးခုမှာ အန္တရာယ်ကြီးမားမှု၊ အရပ်သားများအပေါ် ဘေးအန္တရာယ်ဖြစ်စေမှု၊ ပဋိပက္ခကြောင့် ပထဝီဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုနှင့် လှုပ်ရှားနေသော အဖွဲ့အစည်းအရေအတွက် တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် လက်နက်ကိုင်အဖွဲ့အစည်း အများဆုံး နှင့် အလွန့်အလွန်စိုးရိမ်စရာ ( extreme) အခြေအနေအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယား နှင့် ဒုစရိုက်မှုအများအပြားဖြစ်နေသော မက္ကဆီကိုတို့သည်ပင်လျှင် မြန်မာအောက်ကို ရောက်နေသည်။

မြန်မာပြီးလျှင်  ဆီးရီးယားက ဒုတိယနှင့် မက္ကဆီကိုက တတိယ လိုက်သည်။

ယူကရိန်း၊ နိုက်ဂျီးရီးယား၊ ဘရာဇီး၊ ယီမင်၊ အီရတ်၊ ကွန်ဂို နှင့် ကိုလံဘီယာတို့က အဆက့်(၄)မှ (၁၀) အတွင်း အလွန်စိုးရိမ်စရာ(extreme) အနေအထားတွင် ရှိပြီး ရုရှားက အကြောင်းအရာ လေးခုအနက် တစ်ခုဖြစ်သော မတည်ငြိမ်မှု ( turbulence) တွင် အဆင့် ၃၉ ရရှိနေသည်။အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်တို့က အဆင့် ၁၃၊ ၁၆ နှင့် ၁၉ နေရာများတွင် ရောက်ရှိနေပြီး   ဘင်္ဂလားဒေ့ရှ်က အဆင့် ၂၂ တွင် ရှိသည်။အနောက်အုပ်စုနိုင်ငံများအနက် အမေရိကန် တစ်နိုင်ငံတည်းက ပဋိပက္ခမီး တောက်လောင်နေသော နိုင်ငံများတွင် အဆင့်(၅၀)ရရှိသည်။

အညွှန်းကိန်းအချက်အလက်များအရ ကမ္ဘာ့နိုင်ငံအားလုံးတွင် ပဋိပက္ခများ ရှိနေသော်လည်း အမြင့်ဆုံးပဋိပက္ခများကို နိုင်ငံ ၅၀ တွင် တွေ့ရသည်ဟု ဆိုသည်။

ထိပ်ဆုံး(၁၀)နိုင်ငံက အလွန့်အလွန်စိုးရိမ်စရာ(extreme) အဆင့် သတ်မှတ်ခံရပြီး (၁၁မှ ၃၀ အထိ) နိုင်ငံ ၂၀ က မြင့်မားသော( high) အဆင့်၊ နောက်ဆုံး နိုင်ငံ ၂၀ ကို မငြိမ်မသက်အဆင့် ( turbulence) သတ်မှတ်သည်ဟု သိရသည်။

 NN- 27

 ref:Dhaka tribune

ဆက်စပ် သတင်းများ