သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ပါကစ္စတန်အနောက်မြောက်ပိုင်း အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း လူ ၅၂ ဦးသေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 532

ပါကစ္စတန်အနောက်မြောက်ပိုင်းဒေသ ဘလိုချီစတန်ပြည်နယ်၊ မတ်စ်တန်မြို့တွင် ယနေ့ (သောကြာနေ့) မနက်ပိုင်းက ဘာသာရေးစုဝေးပွဲ အခမ်းအနားတစ်ခု ကျင်းပနေစဉ် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၅၂ ဦး သေဆုံးသွားပြီး ၅၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲများနှင့် ကျန်းမာရေးအရာရှိများက ပြောကြားသည်။

တမန်တော် မိုဟာမက် မွေးနေ့အခမ်းအနား ကျင်းပနေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးခွဲမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ကို အတိအကျ မသိရှိရသေးပေ။

၂၀၂၄၊ ဇန်နဝါရီတွင် ကျင်းပမည့် ပါကစ္စတန်ရွေးကောက်ပွဲ မတိုင်မီ ပါကစ္စတန်အနောက်ပိုင်းဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ တိုးပွားလာနေပြီး လုံခြုံရေးတပ်ဖွဲ့များအတွက် စိုးရိမ်စရာ အခြေအနေဖြစ်လာနေသည်။

ဗုံးပေါက်ကွဲမှုသည် တမန်တော်မိုဟာမက် မွေးနေ့အခမ်းအနား စီတန်းလှည့်လည်ရန် လူအများ စုဝေးနေကြစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံးဖောက်ခွဲသူသည် ဗလီအနီးရှိ လက်ထောက် ရဲတပ်ဖွဲ့မှူး၏ မော်တော်ယာဉ်အနားတွင် မိမိကိုယ်မိမိ အသေခံ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ရဲစစ်ဆေးမှူး မူနီယာအာမက်က ရိုက်တာသို့ ပြောကြားခဲ့သည်။


ဆွန်နီမွတ်ဆလင် အမာခံ အစ္စလာမ်မစ်အုပ်စုတစ်ခုဖြစ်သော Tehrik-e Taliban Pakistan က ၄င်းတို့၏ လက်ချက်မဟုတ်ဟု ငြင်းဆိုထားသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို မတ်စ်တန်မြို့ ဆေးရုံသို့ပို့ဆောင်ပေးထားသည်ဟု သိရသည်။

ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ဆာဖရက်စ် ဘပ်ဂ်တီက ဗုံးဖောက်ခွဲမှုကို အလွန်ယုတ်မာပက်စက်သော လုပ်ရပ် ဟု ပြစ်တင်ဝေဖန်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း အနောက်မြောက်ဘက် ခိုင်ဘာ ပက်ခ်တွန်ခွါပြည်နယ်တွင် ပြုလုပ်သည့် ဘာသာရေးအခြေခံ နိုင်ငံရေးပါတီတစ်ခု၏ စုဝေးပွဲတွင် အသေခံဗုံးခွဲမှု ဖြစ်ပွါးခဲ့ရာ လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရသည်။

 

NN-27

Suicide blast in southwest Pakistan kills at least 52

ဆက်စပ် သတင်းများ