အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ဘန်ကောက်မြို့ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသည့် မြန်မာနှင့်တရုတ်အမျိုးသမီးတို့အတွက် ထိုင်းဝန်ကြီးချုပ် ဝမ်းနည်းကြောင်းစကားဆို


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 860

သေနတ်သမားလူငယ်တက်ရောက်နေသည့်ကျောင်းကလည်း ဝမ်းနည်းတောင်းပန်ကြောင်းပြောကြား

အောက်တိုဘာ ၃ ရက်နေ့ ညနေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ လူစည်ကားသော ဆီရမ်ပါရာဂွန်မောလ် စျေးဝယ်စင်တာ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီးတစ်ဦးနှင့် တရုတ်အမျိုးသမီးတစ်ဦးတို့အတွက် ထိုင်းဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

အခင်းဖြစ်ပွားရာနေရာသို့ ထိုင်းဝန်ကြီးချုပ် ဆရက်ထာ လာရောက်ကြည့်ရှုခဲ့သလို ဆေးရုံရှိ ဒဏ်ရာရသူများကိုလည်း နှစ်သိမ့်အားပေးခဲ့သည်။ ၎င်းပြင် သေဆုံးသူ​၏ မိသားစုဝင်များအား ဝမ်းနည်းစကားပြောကြားခဲ့ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟုလည်း ပြောကြားခဲ့သည်။

 

" ဒီအချိန်မှာ ကျွန်တော် အဓိကထားတာက နိုင်ငံသားတိုင်းရဲ့ ဘေးကင်းလုံခြုံရေးပါ။ ခုချိန်ကစပြီး ထိုင်းအစိုးရက ကမ္ဘာလှည့်ခရီးသည်အားလုံးရဲ့ လုံခြုံရေးအတွက် အမြင့်ဆုံးလုံခြုံရေးအစီအမံတွေကို အကောင်အထည် ဖော်ပါတော့မယ်" ဟု ဝန်ကြီးချုပ်က X စာမျက်နှာတွင် ရေးသားခဲ့သည်။

 

ဆီရမ်ပါရာဂွန် နှင့် မလှမ်းမကမ်းတွင်ရှိသော The Essence ကိုယ်ပိုင်ကျောင်းကလည်း သေနတ်နှင့် ပစ်ခတ်သူ တရားခံမှာ ၎င်းတို့​၏ ကျောင်းသားတစ်ဦးဖြစ်သည်ဟု အတည်ပြုခဲ့ပြီး သေဆုံးသွားသူများ အတွက် ဝမ်းနည်းတောင်းပန်စကား ပြောကြားခဲ့သည်။

 

အနက်ရောင် ရှပ်အင်္ကျီ ဝတ်ဆင်ထားပြီး အမေရိကန်အလံတံဆိပ်ပါ ဦးထုပ်ဆောင်းလျှက် မျက်မှန်တပ်ထားသော ဆံပင်ရှည်ရှည်နှင့် လူငယ်ကို ရဲများက ဖမ်းဆီးသွားပုံကို ဗီဒီယိုသတင်းများတွင် မြင်တွေ့ကြရသည်။

 

ဆိုရှယ်မီဒီယာများတွင် ဖြန့်ဝေနေကြသည့် လုံခြုံရေးကင်မရာ ဗီဒီယိုပုံများအရ တရားခံလူငယ်သည် ပိတ်ဆို့ထားသည့် အခန်းတစ်ခုထဲတွင် ဒူးထောက်ပြီး အညံ့ခံနေသည်ကို တွေ့မြင်ရသည်။ အဆိုပါနေရာမှာပင် လူငယ်ထံမှ သေနတ်ကိုလည်း ရဲများက သိမ်းဆည်းခဲ့သည်။



အောက်တိုဘာ ၃ ရက် ညနေ ၄:၃၀ အချိန်တွင် ၎င်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဈေးဝယ်လာသော မြန်မာအမျိုးသမီးတစ်ဦး နှင့် တရုတ်အမျိုးသမီးတစ်ဦးတို့ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် တော်ဆက် ဆွတ်ဗီမိုလ် ​၏ ပြောကြားချက်အရ သေနတ်ဖြင့် ပစ်ခတ်သူ အသက်(၁၄) နှစ်အရွယ် တရားခံ လူငယ်ကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါလူငယ်မှာ ရာဇဝိသီ ဆေးရုံမှ စိတ်ရောဂါဝေဒနာရှင်တစ်ဦးဖြစ်ပြီး စိတ်ရောဂါကုသမှု မခံယူဘဲ ထွက်ပြေးနေသူ ဖြစ်သည်ဟု သိရသည်။

 

" သူက ရာဇဝိသီ ဆေးရုံက လူနာတစ်ဦးပါ။ ဆေးကုသမှုမခံယူဘဲ ပျက်ကွက်နေတဲ့သူတစ်ယောက်ပါ။ သူက သူ့နားထဲမှာ လူတစ်ယောက်က သူ့ကို သေနတ်နဲ့ ပစ်ပါလို့ ပြောနေတဲ့အသံကြားနေရတယ်လို့ သူက ပြောဆိုတယ်" ဟု ရဲချုပ် တော်ဆက် ဆွတ်ဗီမိုလ်က ပြောကြားသည်။

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ခေါင်ရှိ အစည်ကားဆုံး ဈေးဝယ်စင်တာများရှိရာ နေရာတွင် အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်သံကြောင့် လူအများ ဈေးဝယ်စင်တာထဲမှ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။

 

သေနတ်သံကြောင့် ပါရာဂွန် မောလ်အတွင်းမှ ရာပေါင်းများစွာသော လူအများ ထွက်ပြေးကြသလို ဈေးဝယ်သူများ နှင့် ဈေးဆိုင်ဝန်ထမ်းအချို့လည်း နာရီဝက်ကြာ ပိတ်မိနေခဲ့ကြသည်။



 

 " ဖြစ်သွားတာက မိနစ်အနည်းငယ်အတွင်းပါပဲ။ လူတွေက ပြေး ပြေး ပြေး ဆိုပြီး ထွက်ပြေးကြတာ အစပထမတော့ ဘာမှန်းမသိလိုက်ဘူး အသက် ၂၆ နှစ်အရွယ် ဈေးဝယ်လာသူ အစ္စရေးအမျိုးသမီး တစ်ဦးက ပြောသည်။

 

ဆီရမ်ပါရာဂွန်မောလ်မှာ ထိုင်းနိုင်ငံ​၏ အထင်ရှားဆုံး ဈေးဝယ်စင်တာတစ်ခုဖြစ်ပြီး အဆင့်မြင့် စတိုးဆိုင်များ၊ အလှမွေးငါးကန်၊ ရုပ်ရှင်ရုံတို့နှင့်အတူ ကမ္ဘာလှည့်ခရီးသည်များ နှင့် ဒေသခံများအကြား ကျော်ကြားသော နေရာတစ်ခုဖြစ်သည်။

 

ပါရာဂွန်မောလ်အတွင်းမှ လူအများထွက်ပြေးလာကြစဉ် အနီးရှိ Siam BTS မိုးပျံရထား ဘူတာရုံကိုလည်း ညနေ ၄:၄၀ နာရီတွင် ပိတ်ထားလိုက်သဖြင့် လူအများ ဘူတာရုံထဲ ဝင်မရဘဲ အပြင်ဘက်တွင် စုဝေးနေခဲ့ကြရသည်။

 

တစ်နာရီအကြာတွင် ဘူတာရုံဂိတ်များပြနလည်ဖွင့်လှစ်ပေးလိုက်သည်ဟု သိရသည်။

 

နောက်ဆုံးရရှိသော သတင်းများအရ သေနတ်ပစ်ခတ်သူ တရားခံလူငယ်မှာ စိတ်ရောဂါ ဖောက်ပြန်နေပြီး သူအသုံးပြုသည့် သေနတ်မှာ ကျည်အတုဖြင့် ပစ်ခတ်ရသည့် သေနတ်ကို ကျည်အစစ်ဖြင့် ပစ်နိုင်အောင် ပြုပြင်ထားခြင်းဖြစ်သည်ဟု ရဲများက ပြောကြားသည်။

 

လူငယ်​၏ နောက်ခံအကြောင်းအရာများ စုံစမ်းနေပြီး သူ​၏ မိတ်ဆွေများကို ရဲများက မေးမြန်းရန် စီစဉ်နေသည်ဟု ဆိုသည်။

 

တရားခံလူငယ်​၏ မိတ်ဆွေအများစုမှာ အွန်လိုင်းဂိမ်းကစားကြသူများဖြစ်သည်ဟု သိရသည်။



 

NN-27

Ref: CAN

ဆက်စပ် သတင်းများ