အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

တစ်ရက်အတွင်း အစ္စရေး နှင့် ဂါဇာတွင် သေဆုံးသူ ၁၀၀၀ ကျော်သွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

“အမေရိကန်လေယာဉ်တင်သင်္ဘော အစ္စရေးအနီးသို့ ဝင်ရောက်လာ”

အစ္စရေးနယ်မြေအတွင်းသို့ ဟားမတ်စ်တိုက်ခိုက်ရေးသမားများ စနေနေ့က ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း အပြန်အလှန်တိုက်ခိုက်မှုကြောင့် အစ္စရေး နှင့် ဂါဇာတွင် သေဆုံးသူ ၁၀၀၀ ကျော်သွားပြီဟု သိရှိရသည်။

 

ဒဏ်ရာပြင်းထန်စွာ ရရှိသူ အမြောက်အများ ရှိသည့်အတွက် သေဆုံးသူအရေအတွက် ပိုမိုတိုးပွါးလာနိုင်သည်ဟု အစ္စရေးတပ်ဖွဲ့က ပြောကြားသည်။

 

ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ ပြောကြားချက်အရ ဂီတပွဲတော်ကျင်းပရာ နေရာတွင် သေဆုံးနေသော အလောင်း ၂၆၀ တွေ့ရှိခဲ့ရပြီး ၄င်းတို့မှာ ဟားမတ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုခံရသူများဖြစ်သည်ဟု ဆိုသည်။

 

ဂါဇာတွင် အစ္စရေး၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၂၃၀၀၀ နေအိမ်များကို စွန့်ခွါထွက်ပြေးခဲ့ရပြီး ၇၄၀၀၀ မှာ စာသက်ကျောင်းများတွင် ပုန်းအောင်းခိုလှုံနေရသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။



 

ရေနံထုတ်လုပ်ရာ အရှေ့အလယ်ပိုင်းဒေသတွင် ရေရှည်စစ်ပွဲတစ်ခု ဖြစ်ပေါ်လာနိုင်သည့်အတွက် တနင်္လာနေ့က ကမ္ဘာ့စျေးကွက်တွင် ရေနံတစ်စည်လျှင် ၄ ဒဿမ၉၄ ဒေါ်လာ ရုတ်တရက် ထိုးတက်သွားခဲ့သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဘက်မှ ကျောက်ဆိုင်ကျောက်သားကဲ့သို့ အခိုင်အမာရပ်တည်ပေးမည်ဟု ပြောကြားလိုက်ပြီးနောက် အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford သည် အစ္စရေးနိုင်ငံအနီးသို့ ချဉ်းကပ်ရောက်ရှိလာသည်။

 

တနင်္ဂနွေ ညပိုင်းအထိ ဂါဇာဘက်ခြမ်းမှ အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်ပစ်ခတ်မှုများ ရှိနေပြီး ဂါဇာကမ်းမြောင်နှင့် ကပ်နေသော အစ္စရေးတောင်ပိုင်း နေရာ ရှစ်ခုတွင် ဟားမတ်စ်သေနတ်သမားများနှင့် အစ္စရေးတပ်များ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲနေကြဆဲဖြစ်သည်။ အစ္စရေးစစ်တပ်သည် ဂါဇာရှိ ပစ်မှတ် ၁၀၀၀ ကျော်ကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

ယခုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဘက်မှ အခိုင်အမာ ရပ်တည်ပေးမည်ဟု ပြောကြားခဲ့သလို ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ကလည်း နေတန်ယဟုဘက်က အလုံးစုံထောက်ခံအားပေးနေမည်ဟု ပြောကြားခဲ့သည်။

 

ဟားမတ်စ်အဖွဲ့ကို နောက်ကွယ်မှ ထောက်ခံအားပေးနေသော အီရန်သမ္မတ အီဗရာဟင် ရိုင်စီက ပါလက်စတိုင်းတို့၏ မိမိကိုယ်မိမိခုခံကာကွယ်ခွင့်အတွက် ထောက်ခံအားပေးနေမည်ဟု ပြောကြားခဲ့သလို ထိုဒေသအတွင်း နှစ်များစွာ ဘေးအန္တရာယ်ဆိုး ဖန်တီးထားသည့် အစ္စရေးတို့တွင် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံက နှစ်ဖက်စလုံး နောက်ဆုတ်ကြရန် နှင့် ချက်ချင်း အပစ်အခတ်ရပ်ကြရန် တောင်းဆိုကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။

 

NN-27

ref:BBCWorld

ဆက်စပ် သတင်းများ