စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အစ္စရေးဗုံးဒဏ်ခံနေရသော ဂါဇာရှိ အရပ်သားများအတွက် မရှိမဖြစ်လိုအပ်သည့် အစားအစာ၊ လောင်စာဆီနှင့် ရေတို့ ရောက်ရှိရေး ခွင့်ပြုရမည်ဟု ကုလသမဂ္ဂ ပြော


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 523

(ဂါဇာတွင် နေအိမ်စွန့်ခွာထွက်ပြေးသူရပေါင်း ၃၈၃၀၀၀ ရှိသွားပြီဟုဆို)

အစ္စရေးတို့၏ ဗုံးကြဲမှုနှင့် ပိတ်ဆို့မှုဒဏ်ခံနေရသော ဂါဇာရှိ အရပ်သားများအတွက် မရှိမဖြစ်လိုအပ်သော အစားအစာ၊ ရေနှင့် လောင်စာဆီများ ရောက်ရှိရေးကို ခွင့်ပြုရမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။

အစ္စရေးတို့သည် ဂါဇာရှိ ပစ်မှတ်များကို ငါးရက်မြောက်အဖြစ် ဆက်လက် ဗုံးကြဲနေပြီး သေဆုံးသူ ပါလက်စတိုင်း ၁၂၀၀ ကျော်သွားပြီဟု ပါလက်စတိုင်းကျန်းမာရေးအရာရှိများက ပြောကြားသလို အစ္စရေးဘက်ခြမ်းတွင် ဟားမတ်စ်တို့၏တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂၀၀ ရှိသွားပြီဟု သိရသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ဂါဇာတွင် အစ္စရေးတို့၏ ဆက်တိုက် ဗုံးကြဲနေမှုကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်းမှာ ၃၈၃၀၀၀ ရှိသွားပြီဟု သိရသည်။

ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဂူတာရက်စ်က "လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ မတုံ့မဆိုင်းဘဲ အလျင်အမြန် ရောက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်" ဟု ပြောကြားသည်။

အမေရိကန်ကလည်း အရပ်သားများထံ အကူအညီရောက်ရှိရေးနှင့် ပိတ်မိနေသော ဂါဇာအရပ်သားများ ထွက်ခွာနိုင်ရေးအတွက် အစ္စရေး၊ ကုလသမဂ္ဂနှင့် အီဂျစ်နိုင်ငံတို့နှင့် ဆွေးနွေးလျက်ရှိသည်ဟု သိရသည်။

အစ္စရေးတို့က ဂါဇာဒေသအား လျှပ်စစ်ဓါတ်အား၊ အစားအစာ၊ ဆေးဝါးနှင့် ရေများဖြတ်တောက် ပိတ်ဆို့ထားပြီးနောက် ဂါဇာရှိ တစ်ခုတည်းသော ဓါတ်အားပေးစက်ရုံမှာ ရပ်တန့်သွားပြီဟု သိရသည်။

ထိုအတောအတွင်း ဂါဇာကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အစ္စရေးစစ်သားများ ထောင်သောင်းချီ၍ နယ်စပ်တစ်လျှောက် အသင့်အနေအထားတွင် စုရုံးရောက်ရှိနေပြီဟု အစ္စရေးစစ်တပ်က ပြောကြားသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမတ်စ်အဖွဲ့ဝင်အားလုံးကို သေလူအဖြစ် မြင်တွေ့စေရမည်ဟု ပြောကြားခဲ့ပြီး စစ်ကာလ အရေးပေါ်အစိုးရအဖွဲ့သစ်တစ်ရပ်ကို အတိုက်အခံခေါင်းဆောင် ဘန်နီ ဂန့်ဇ်အပါအဝင် အခြားသော ပါတီခေါင်းဆောင်အချို့နှင့် အတူဖွဲ့စည်းလိုက်သည်။

အမေရိကန်သမ္မတ ဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား "စစ်ပွဲတို့၏ ဥပဒေ" အတိုင်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပြီး ဟားမတ်စ်တို့ဘက်မှ ထောက်ခံအားပေးနေသော အီရန်နိုင်ငံအား သတိပေးလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်သည် အစ္စရေးတို့၏ ဂါဇာစစ်ပွဲကို ထောက်ခံကြောင်းပြသရန် ကြာသပတေးနေ့တွင် အစ္စရေးသို့ ရောက်ရှိလာမည်ဖြစ်ပြီး ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်နှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

ထိုအတောအတွင်း အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများသည် ဂါဇာရှိ ဟားမတ်စ်တို့၏ မြေအောက်ကွန်ရက်များကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

"ဂါဇာကမ်းမြောင်ဒေသရဲ့ အပေါ်ယံလွှာမှာ အရပ်သားတွေနေပြီး အောက်အလွှာမှာ ဟားမတ်စ်တွေ ရှိနေပါတယ်" ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

Ref : BBCWorld

ဆက်စပ် သတင်းများ