ဂါဇာဒေသတွင်ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြင့်နေဆဲဖြစ်ပြီး မကြာမီအချိန်အတွင်းအစ္စရေး စစ်တပ်က ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းများမှတစ်ဆင့် ထိုးစစ်ဆင်တော့မည်ဟု ကြေညာသည်။
လူဦးရေထူထပ်သောဂါဇာစီးတီးနှင့် မြောက်ပိုင်းမှ ပါလက်စတိုင်း တစ်သန်းကျော်တို့အားတောင်ပိုင်းသို့ ရွှေ့ပြောင်းကြရန် ကြေညာခဲ့ပြီးနောက် ဂါဇာဒေသခံများသည်အထုပ်အပိုးကိုယ်စီဖြင့် တောင်ပိုင်းသို့ အလုံးအရင်း ထွက်ပြေးနေကြသည်။
ယခုကဲသို့လူအမြောက်အများအား နေရာရွှေ့ပြောင်းစေမှုမှာ ဂါဇာဒေသခံများအား ချောက်ကမ်းဘား တစ်ခုထဲသို့ တွန်းချနေသည်နှင့်တူပြီးမြင်တွေ့ရသောအခြေအနေမှာ အလွန်ဆိုးရွားလှသည်ဟုဂါဇာရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီတစ်ခုက ဆိုသည်။
“နိုင်ငံတစ်ခုပျက်သုန်းလို့ လူတွေ အစုအပြုံလိုက် ထွက်ပြေးကြတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။လူတွေအားလုံး ရရာ အထုပ်အပိုးကိုယ်စီသယ်ပြီး လမ်းလျှောက်သွားနေတာတွေ့ရတယ်။ တတ်နိုင်သူတွေကတော့ မော်တော်ကားတွေနဲ့ ပေါ့။ လူတချို့ကမွေ့ယာတွေ ထမ်းသွားတာ မြင်ရတယ်” ဟု ကုလကယ်ဆယ်ရေး အေဂျင်စီမှ ဆက်သွယ်ရေး ညွှန်ကြားရေးမှူ ဂျူးလိယက်စ် တော်မာက ပြောသည်။
ထိုအတောအတွင်းဂါဇာဒုက္ခသည်များအတွက် အကူအညီပေးရေးပစ္စည်းများ တင်ဆောင်လာသည့်ယာဉ်တန်းသည် ဂါဇာထဲသို့ ဝင်မရဘဲ အီဂျစ်ဘက်အခြမ်း ရာဖာ့ နယ်စ်ဂိတ်တွင်ပိတ်မိနေသည်။
အီဂျစ်နှင့် တူရကီတို့မှ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ရှည်လျားသောကုန်တင်ယာဉ်တန်းကြီးကို နယ်စပ်ဂိတ်အနီးရှိ အားရစ်မြို့တွင် မြင်တွေ့၇သည်။
ပြီးခဲ့သည့်ရက်များအတွင်းအစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာဘက်ခြမ်းရှိနယ်စပ်ဖြတ်ကျော်ဂိတ် ပျက်စီးသွားပြီး ပိတ်ထားလိုက်၇သည်။
အဆိုပါနယ်စပ်ဖြတ်ကျော်ဂိတ်မှာ ဂါဇာမှ အီဂျစ်သို့ လူ နှင့် ကားများ ဝင်ထွက်နိုင်သည့်တစ်ခုတည်းသော ဂိတ်ပေါက်ဖြစ်ရာ ကယ်ဆယ်ရေး အေဂျင်စီများက ပြန်ဖွင့်ပေးရန်အာဏာပိုင်များကို တိုက်တွန်းထားသည်။
ထိုနယ်စပ်ဂိတ်ဖြတ်ကျော်ခွင့် နှင့်ပတ်သက်ပြီး အီဂျစ်၊ဟားမတ်စ် နှင့် အစ္စရေးတို့က ခွဲဝေတာဝန်ယူထားရာ မကြာခဏ ပိတ်ထားပြီး ဖြတ်ကျော်ရေးအတွက် နှောင့်နှေးမှုများ ရှိနေသည်။
ဗြိတိန်နှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများက ဂါဇာမှ ထွက်ခွါမည့် မိမိတို့နိုင်ငံသားများ နယ်စပ်ဖြတ်ကျော်ဂိတ်ရှိရာရာဖာ့မြို့သို့ သွားရောက်ကြရန်တိုက်တွန်းထားသည်။ သို့မှသာနယ်စပ်ဂိတ်ဖွင့်သည်နှင့် ဂါဇာမှ ထွက်နိုင်မည်ဖြစ်သည်။
NN-27
ref:BBCWorld