တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဂါဇာကို အစ္စရေးသိမ်းပိုက်လျှင် အမှားကြီးမှားလိမ့်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြော


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 773

ဂါဇာကို အစ္စရေးက သိမ်းပိုက်လျှင် အမှားကြီးမှားလိမ့်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန် စီဘီအက်စ်သတင်းဌာနနှင့် 60 Minutes အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းအစီအစဉ်တွင် သမ္မတ ဂျိုးဘိုင်ဒင်အား အမေရိကန်၏ မဟာမိတ် အစ္စရေးက ဂါဇာအား သိမ်းပိုက်မည်ဆိုလျှင် ထောက်ခံပါသလားဟု မေးမြန်းခဲ့ရာ ဘိုင်ဒင်က “ ဒါဟာ အမှားကြီးတစ်ခု ဖြစ်သွားပါလိမ့်မယ်” ဟု ဖြေကြားခဲ့သည်။

တစ်ဆက်တည်း “ ဟားမတ်စ်တွေက ပါလက်စတိုင်းပြည်သူတွေကို ကိုယ်စားမပြုပါဘူး။ ဒါပေမယ့် ဂါဇာဒေသကို ဝင်ရောက်ပြီး အစွန်းရောက်တွေကို အမြစ်ဖြတ်ဖို့တော့ မဖြစ်မနေ လိုအပ်တယ်” ဟု ပြောကြားခဲ့သည်။

ဟားမတ်စ်စစ်သွေးကြွတို့၏ အောက်တိုဘာ(၇)ရက် ကျူးကျော်တိုက်ခိုက်မှုတွင် အစ္စရေးအရပ်သားတို့အား ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဓါးဖြင့်ခုတ်ခြင်း၊ မီးရှို့ခြင်းတို့ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၄၀၀ အသက်ဆုံးရှုံးခဲ့ရသည်။

အစ္စရေးတို့၏ လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၂၆၇၀ သေဆုံးခဲ့ရပြီဖြစ်သည်။

အစ္စရေးတို့သည် ဂါဇာဒေသအား ၁၉၆၇ ခုနှစ်၊ ခြောက်ရက်စစ်ပွဲကာလအတွင်း သိမ်းပိုက်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကျမှ ပါလက်စတိုင်းတို့ကို ပြန်လည်ပေးအပ်ခဲ့သည်။

တစ်နှစ်အကြာတွင် စတုရန်းမိုင် ၁၄၀ ကျယ်ဝန်းပြီး အီဂျစ်၊ မြေထဲပင်လယ်တို့နှင့် ဆက်စပ်နေသော ဂါဇာနယ်မြေကို အစ္စရေးက ရေလမ်း၊ ကုန်းလမ်း ပိတ်ဆို့ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဟားမတ်စ်တို့က ဖတာ့ရှ်လှုပ်ရှားမှုခေါင်းဆောင် ပါလက်စတိုင်းသမ္မတ အက်ဘတ်စ်နှင့် လမ်းခွဲပြီး ဂါဇာအားထိန်းချုပ်လိုက်ချိန်တွင် အစ္စရေးက ပိတ်ဆို့မှုကို တင်းတင်းကျပ်ကျပ် ထပ်မံဆောင်ရွက်ခဲ့သည်။

“ဟားမတ်စ်တွေကို လုံးဝချေမှုန်းပစ်မှာလား” ဟု မေးမြန်းခဲ့ရာ ဘိုင်ဒင်က အပြီးတိုင် ချေမှုန်းပစ်မည်ဟု ဖြေကြားခဲ့သည်။

Ref : CNA

ဆက်စပ် သတင်းများ