တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေးသို့ သွားရောက်မည်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 555

(ဂါဇာကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော အစ္စရေးအား အီရန်က လက်ဦးမှုယူ တိုက်ခိုက်မည်ဟု သတိပေး)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဂါဇာအား ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့် အစ္စရေးသို့ သွားရောက်ပြီး အစ္စရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

သမ္မတ ဂျိုးဘိုင်ဒင်သည် ဗုဒ္ဓဟူးနေ့တွင် အစ္စရေးသို့ ရောက်ရှိမည်ဖြစ်ပြီး ဂါဇာစစ်ပွဲ ပိုမိုကျယ်ပြန့် မသွားရန် ဆွေးနွေးညှိနှိုင်းကြဖွယ်ရှိသည်ဟု ဆိုသည်။

ဘိုင်ဒင်သည် ဂျော်ဒန်နိုင်ငံသို့ သွားရောက်ပြီး ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ(၂) နှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ ပါလက်စတိုင်းသမ္မတ မာမွတ် အက်ဘတ်စ် နှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

ထိုအတောအတွင်း ဟားမတ်စ်တို့အား အဓိကအားပေးထောက်ခံနေသော အီရန်နိုင်ငံက အစ္စရေးတို့အား ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်သွားမည်ဟု သတိပေးလိုက်သည်။


အစ္စရေးတို့အနေဖြင့် ဂါဇာကို လွယ်လွယ်နှင့် ရလိမ့်မည်မဟုတ်ဘဲ အီရန်၏ လက်တုန့်ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု ဆိုသည်။

ယမန်နေ့ညက အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်း ရာဖာ နှင့် ခန် ယူနစ်တွင် လူပေါင်း ၁၀၀ကျော် သေဆုံးသွားသည်ဟု ဒေသတာဝန်ရှိသူများက ဆိုသည်။

အဆိုပါဒေသမှာ ဂါဇာမြောက်ပိုင်းမှ လူအမြောက်အများ လာရောက်ခိုလှုံနေသော နေရာဖြစ်သည်။

အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ကွန်ရီကပ်စ်၏အဆိုအရ ဂါဇာမြောက်ပိုင်းမှ လူပေါင်း ၆၀၀၀၀၀ ကျော်တို့သည် မိမိတို့နေရပ်မှ ထွက်ခွါသွားကြပြီဟု သိရပြီး ဂါဇာမြောက်ဘက်တွင် လူအချို့သာ ထွက်မပြေးဘဲ ကျန်နေသည်ဟု ဆိုသည်။

ဂါဇာဒေသအား အစ္စရေးတို့ ဝိုင်းပတ်ပိတ်ဆို့ထားစဉ် ဒေသတစ်ခုလုံး၏ အခြေအနေမှာ ဘေးဒုက္ခဆိုးကြီးကျရောက်လု အနေအထားရောက်နေပြီဟု ဆိုသည်။ ဂါဇာမြောက်ပိုင်းမှ ပါလက်စတိုင်းများကို တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် အမိန့်ပေးထားသည့်အတွက် တောင်ပိုင်းဒေသ ခန် ယူနစ်မြို့သို့ ပါလက်စတိုင်း ဒုက္ခသည် ထောင်ပေါင်းများစွာရောက်ရှိလာခဲ့သည်။

လူအချို့မှာ လမ်းမများပေါ် အိပ်စက်နေရသလို သောက်သုံးရေလည်း ပြတ်လုနီးဖြစ်ကာ ပေါင်မုန့်တန်းစီနေသူအများအပြားကို မြင်တွေ့ရသည်။

 

NN-27

ref:BBCWorld

ဆက်စပ် သတင်းများ