အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ဂါဇာတွင်ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့် ပတ်သက်ပြီး အောက်တိုဘာလ(၁၈)ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် " လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ် ရပ်နားထားရေး"ဆုံးဖြတ်ချက်အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာအမေရိကန်နိုင်ငံက သဘောမတူဘဲ ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်ဟုသိ၇သည်။
ဘရာဇီးနိုင်ငံကတင်သွင်းသည့် "လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်နားထားရေး" အဆိုမူကြမ်းကို အဖွဲ့ဝင် ၁၂နိုင်ငံက ထောက်ခံသော်လည်း အမေရိကန်ကထောက်ခံခြင်းမပြုဘဲ ဗီတိုအာဏာဖြင့် ပယ်ချလိုက်ခြင်းဖြစ်သည်။
ဗြိတိန်နှင့် ရုရှားတို့က မဲပေးခြင်းမပြုဘဲ ကြားနေခဲ့သည်။
ဂါဇာဒေသသို့ကယ်ဆယ်ရေးအထောက်အပံ့များ ပေးပို့နိုင်ရေး အမေရိကန်က ကြိုးပမ်း ဆောင်ရွက်နေစဉ် ဘရာဇီးက တင်သွင်းသောခေတ္တအပစ်အခတ် ရပ်နားထားရေး အဆိုမှာနှစ်ကြိမ်တိုင်တိုင် ဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့၇သည်။
" မြေပြင်မှာကျွန်တော်တို့ သံတမန်နည်းနဲ့ ကြိုးကြိုးစားစား လုပ်ကိုင်နေပါတယ်။ဒီ သံတမန် နည်းလမ်းနဲ့ပဲအဖြေရနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်"ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ် ဂရင်းဖီးလ်ကအဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။
" ဟုတ်ကဲ့၊ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။ ကောင်စီအနေနဲ့ ဒီကိစ္စအပေါ် တစ်ခုခုအသံထွက်ပေးဖို့ လိုတာ မှန်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုများနဲ့ သံတမန်ရေး တိုက်ရိုက်ကြိုးပမ်း ဆောင်ရွက်မှုတွေကိုအသိပေးသွားမှာပါ။ ဒါကလည်း လူသားတွေရဲ့အသက်ကို ကယ်တင်နိုင်တာပါပဲ" ဟု လင်ဒါသောမတ်စ်က ပြောကြားခဲ့သည်။
အမေရိကန်သည်အစဉ်အလာအားဖြင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များတွင် ၎င်း၏မဟာမိတ် အစ္စရေးဘက်မှ အမြဲလိုလို အကာအကွယ်ပေးလေ့ရှိသည်။
" ဒါဟာ အမေရိကန်ရဲ့ခွဲခြားဆက်ဆံတတ်တဲ့ စရိုက်လက္ခဏာကို မြင်တွေ့လိုက်ရတာပါပဲ"ဟု ကုလဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်ဆီလီ နီဘင်ဇီယာက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်တနင်္လာနေ့က ရုရှားနိုင်ငံက တင်သွင်းခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေး အဆိုမှာ အောင်မြင်မှုမရဘဲပယ်ချခံခဲ့၇သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို အလျင်အမြန်အကောင်အထည်ဖော်ရန် နှင့်ဂါဇာဒေသသို့ လူသားချင်းစာနာမှုအကူအညီများ အလျင်အမြန်ရောက်ရှိရေး၊ဓါးစာခံများပြန်လွှတ်ပေးရေးအတွက် ဗုဒ္ဓဟူးနေ့က တိုက်တွန်းခဲ့သည်။
ရုရှားနိုင်ငံကဂါဇာအရေးနှင့် ပတ်သက်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိ ကုလသမဂ္ဂ အထွေထွေညီလာခံအထူးအစည်းအဝေးတစ်ရပ်ကို ခေါ်ယူရန် တိုက်တွန်းထားပြီး ထိုညီလာခံမှတစ်ဆင့်အဆိုတစ်ရပ်တင်သွင်းပြီး မဲခွဲဆုံးဖြတ်ရန် ဆန္ဒရှိနေသည်။
ကုလအထွေထွေညီလာခံတွင်ဗီတိုအာဏာသုံးစွဲခွင့်မရှိသော်လည်း အာဏာသက်ရောက်မှု ကန့်သတ်ချက်မရှိပေ။ သို့သော် နိုင်ငံရေးအရ အင်အားပြနိုင်ခွင့် ရှိသည်။
အရှေ့အလယ်ပိုင်းဆိုင်ရာကုလအထူးကိုယ်စားလှယ် ဝင်နယ်စ်လန်က " ဒီပဋိပက္ခဟာ တကယ်ပဲအန္တရာယ်ကြီးမားပြီး ပိုမိုကြီးထွားလာမယ့် စိုးရိမ်စရာ အခြအနေပါ" ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး သောမတ်စ် ဂရင်းဖီးလ်က အမေရိကန်အနေဖြင့် ယခုဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးတို့၏ မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့် နှင့်အခွင့်အရေး ကို တစ်လုံးတစ်ပါဒမျှ ဖော်ပြမထားသည့်အတွက် စိတ်ပျက်မိကြောင်း နှင့် ဂါဇာတွင် လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်ပေါ်လာ၇ခြင်းမှာ ဟားမတ်စ်တို့ကြောင့်ဖြစ်သည်ဟု ပြစ်တင်ဝေဖန်သွားသည်။
ထိုအတောအတွင်းအစ္စရေးနိုင်ငံသို့ တစ်ရက်တာ သွားရောက်ခဲ့သည့် အမေရိကန်သမ္မတဘိုင်ဒင်ကဂါဇာဒေသသို့ အီဂျစ်မှတစ်ဆင့် ပထမအသုတ် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ရိက္ခာတင် ကုန်ကား ၁၀ စီး ဝင်ရောက်ခွင့်ပြုမည်ဟု အီဂျစ်သမ္မတစီစီက ၎င်းအား တယ်လီဖုန်းဖြင့်ကတိပေးခဲ့သည်ဟု ပြောဆိုလိုက်သည်။
ဂါဇာနှင့် အီဂျစ်ကြား ဆက်သွယ်ထားသော ရာဖာ့နယ်စပ်ဂိတ်အား အစ္စရေးတို့က ပြီးခဲ့သည့်ရက်များအတွင်းဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သည်။
အီဂျစ်က ဂါဇာအတွက် အကူအညီပေးရေး ကားများကိုသာ ဝင်ခွင့်ပြုမည်ဖြစ်ပြီးထိုနေရာသို့ ရောက်ရှိနေကြသောပါလက်စတိုင်းများနှင့် နိုင်ငံခြားသားများကို လောလောဆယ် ဝင်ရောက်ခွင့်မပြုသေးဟုဆိုသည်။
ဂါဇာသို့ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မည့် ပထမအသုတ်ကုန်ကား ၁၀ စီးသည် လာမည့် သောကြာနေ့တွင်ရောက်ရှိမည်ဟု ဆိုသည်။
NN-27
ref:reuters