စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ယီမင်မှ ပစ်လွှတ်လိုက်သော ခရုဇ်ဒုံးပျံ သုံးစင်းကို အမေရိကန်ရေတပ်က ကြားဖြတ်ဟန့်တား ဖျက်ဆီး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 959

အီရန်က ကျောထောက်နောက်ခံပေးထားသော ယီမင်ရှိ ဟူသီသူပုန်များက ပစ်လွှတ်လိုက်သည့် ခရုဇ်ဒုံးပျံ သုံးစင်းနှင့် ဒရုန်းများကို ပင်လယ်နီတွင် ကင်းလှည့်နေသည့် အမေရိကန် ရေတပ်သင်္ဘောက ကြာသပတေးနေ့က ကြားဖြတ်ဟန့်တားပြီး ပစ်ချလိုက်ကြောင်း ပင်တာဂွန်က ပြောဆိုသည်။

အဆိုပါ ဒုံးပျံများမှာ အစ္စရေးကို ပစ်မှတ်ထားတိုက်ခိုက်ရန် ရည်ရွယ်ပုံရသည်ဟု ဆိုသည်။

“ မြေပြင်တိုက်ခိုက်ရေး ခရုဇ်ဒုံးပျံသုံးစင်း နဲ့ ဒရုန်းတွေကို ကျွန်တော်တို့ ဖျက်သင်္ဘောက ကြားဖြတ်ဟန့်တား ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ယီမင်မှာ ရှိတဲ့ ဟူသီသူပုန်တွေက အစ္စရေးကို ရည်ရွယ်ပြီး ပစ်ခတ်လိုက်တာပါ” ဟု ပင်တာဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက် ရိုင်ဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်ရေတပ်သင်္ဘော ကာနေး သည် သမ္မတဂျိုးဘိုင်ဒင်၏ အမိန့်အရ ပင်လယ်နီတွင် ကင်းလှည့်နေခြင်းဖြစ်ပြီး အစ္စရေး-ဟားမတ်စ် စစ်ပွဲကို ထိန်းသိမ်းစောင့်ကြည့်ရန် အင်အားတိုးချဲ့ချထားခြင်းဖြစ်သည်။

ပင်တာဂွန်ပြောရေးဆိုခွင့်ရှိသူ ရိုင်ဒါက ဒုံးပျံများသည် အီရန်က ကျောထောက်နောက်ခံပေးထားသော ယီမင်ရှိ ဟူသီသူပုန်များက ပစ်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယီမင်တွင် ဟူသီသူပုန်များနှင့် ဆော်ဒီကထောက်ခံသော ညွန့်ပေါင်းအစိုးရတပ်များကြား တိုက်ပွဲများ ဖြစ်ပေါ်လျှက်ရှိသည်။

အမေရိကန်ဘက်မှ ထိခိုက်မှု တစ်စုံတရာမရှိဘဲ ဒုံးပျံများသည် ပင်လယ်အတွင်းသို့ ပျက်ကျသွားခဲ့သည်ဟု ရိုင်ဒါက ဆိုသည်။

“ ဒီ ဒုံးပျံတွေ ဘယ်ကို ပစ်မှတ်ထားတယ်ဆိုတာ ကျွန်တော်တို့ အသေအချာ မပြောနိုင်ပါဘူး။ ဒါပေမယ့် ယီမင်ဘက်ကနေ ပစ်ခတ်လိုက်တာဖြစ်ပြီး ပင်လယ်နီတစ်လျှောက် အစ္စရေးဘက်ကို ဦးတည်နေတာ တွေ့ရပါတယ်။"

“ ကျွန်တော်တို့ရဲ့ ကာကွယ်တုံ့ပြန်မှုဟာ ဒီဒေသမှာ အလားတူ ခြိမ်းခြောက်မှုမှန်သမျှကို ခုလိုပဲ လုပ်ဆောင်သွားဖို့ပါပဲ” ဟု ရိုင်ဒါက ပြောကြားခဲ့သည်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ကျယ်ပြန့်လာနိုင်သည့် ဒေသတွင်းစစ်မီးတောက်ကို ထိန်းသိမ်းရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘောကြီး နှစ်စီးစေလွှတ်ထားပြီး လေတပ်၊ ရေတပ် အင်အားများ ဖြည့်တင်းရန် အမိန့်ပေးထားသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ပင်တာဂွန်သည် အမေရိကန်စစ်သည် ၂၀၀၀ ကို မြေပြင်ချထားရေး အသင့်အနေအထားတွင် ရှိနေရန် အမိန့်ပေးထားခဲ့သည်။

NN-27

ref:CNA

 

ဆက်စပ် သတင်းများ