တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောမုန်တိုင်း ဆိုင်ကလုန်းဟာမွန်းအဖြစ်ရောက်ရှိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

“ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မုန်တိုင်းသတိပေးချက်ထုတ်ပြန်ပြီး ငါးဖမ်းလှေများအမြန်ဆုံးကမ်းကပ်ရန် နိုးဆော်”

 ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ဆက်စပ်ဒေသများတွင်  ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်းဟာမွန်း ( Hamoon) အဖြစ်သို့ ရောက်ရှိလာသည်ဟု Dhaka Tribune က သတင်းဖော်ပြသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် မုန်တိုင်းသတိပေးချက်ထုတ်ပြန်ပြီး ငါးဖမ်းလှေများ အမြန်ဆုံး လုံခြုံရာနေရာတွင် ကမ်းကပ်ရန် နိူးဆော်သတိပေးမှုများထုတ်ပြန်လိုက်ပြီဖြစ်သည်။  

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်လယ်ကမ်းခြေတစ်လျှောက်တည်ရှိသည့် စစ်တကောင်း၊ ကော့စ်ဘဇား၊ မိုင်းလားနှင့် ပါရာတို့ရှိ ရေကြောင်း ဆိပ်ကမ်းများတွင် ဒေသန္တရ သတိပေး အချက်ပြ အမှတ် ၃ ကို လျှော့ချရန်နှင့် ဒေသဆိုင်ရာ သတိပေးချက် အမှတ် ၄ အလံကို လွှင့်တင် လိုက်ပြီဖြစ်သည်။

 

ဆိုင်ကလုန်းဗဟိုချက်မှ ၅၄  ကီလိုမီတာအတွင်း အမြင့်ဆုံးလေတိုက်နှုန်းသည် လေတိုက်နှုန်း ၆၂ ကီလိုမီတာမှ ၈၈  ကီလိုမီတာအထိ မြင့်တက်လာပြီး  ဆိုင်ကလုန်းဗဟိုချက်အနီးတွင် ပင်လယ်ရေသည် အလွန်ကြမ်းတမ်းနေသည်ဟု သတင်းတွင်ဖော်ပြသည်။

 

၎င်းဆိုင်ကလုန်း မုန်တိုင်း ဟာမွန်းသည် တနင်္လာနေ့ ညနေ ၆ နာရီတွင် စစ်တကောင်းဆိပ်ကမ်း၏ အနောက်-အနောက်တောင်ဘက် ကီလိုမီတာ ၆၇၀ ခန့်၊ ကော့ဘဇားဆိပ်ကမ်း၏ အနောက်-အနောက်တောင်ဘက် ကီလိုမီတာ ၆၃၀၊ မိုင်းလားဆိပ်ကမ်း၏ အနောက်တောင်ဘက် ၅၄၀ ကီလိုမီတာနှင့် Payra ဆိပ်ကမ်း၏ အနောက်တောင်ဘက် ကီလိုမီတာ ၅၄၀ အကွာတွင် ဗဟိုပြုနေသည်။

 

၎င်းမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာဖွယ်ရှိသည်ဟု ဆိုသည်။

 

ဆိုင်ကလုန်းမုန်တိုင်း၏ ဘေးပတ်ပတ်လည်အကျိုးသက်ရောက်မှုအောက်တွင် မြန်မာနိုင်ငံရှိ မြောက်ဘက် ပင်လယ်အော်နှင့် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်းတိုက်ခြင်း/ မိုးသက်လေပြင်းများ ကျရောက် ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

 

ဘင်္ဂလာပင်လယ်အော်နှင့် ပင်လယ်ရေနက်ပိုင်းရှိ ငါးဖမ်းလှေများနှင့် ငါးဖမ်းသင်္ဘောများအားလုံး ချက်ချင်း ခိုလှုံနေထိုင်ရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အကြံပြုထားသည်။ (NN-30)

ဆက်စပ် သတင်းများ