စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ဂါဇာတွင် လောင်စာဆီပြတ်လပ်၍ ဆေးရုံအများ အပြား ပိတ်လိုက်ရပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 810

ဂါဇာတွင် လောင်စာဆီပြတ်လပ်သွားသဖြင့် အရေးပေါ်ကုသရေးကိစ္စမှတစ်ပါး ဆေးရုံများ ပိတ်လိုက်ရပြီဟု သိရသည်။

ဂါဇာအား အကြီးမားဆုံး အကူအညီပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီက ယနေ့ နောက်ထပ်လောင်စာထောက်ပံ့မှု ထပ်မံမရလျှင် လုပ်ငန်းများရပ်ဆိုင်းတော့မည်ဟု ဆိုသည်။

အစ္စရေးတို့သည် ဂါဇာသို့ လောင်စာဆီထောက်ပံ့နေမှုများကို ရပ်ဆိုင်းထားခဲ့သည်။ အစ္စရေးက ဟားမတ်စ်တို့ လက်ထဲတွင် သိုလှောင်ထားသည့် လောင်စာဆီလီတာအမြောက်အများ ရှိသည်ဟု ဆိုသည်။

နောက်ထပ် စားနပ်ရိက္ခာ၊ ရေ နှင့် ဆေးဝါးတို့ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ရှစ်စီးသည် အီဂျစ်နယ်ခြားကို ဖြတ်ကျော်၍ ဂါဇာနယ်မြေထဲသို့ ယမန်နေ့က ရောက်ရှိလာခဲ့သည်။

သို့သော် အဆိုပါအကူအညီပမာဏမှာ သမုဒ္ဒရာပေါ်ကျသော ရေတစ်ပေါက်ပမာသာရှိပြီး နောက်ထပ်ကုန်တင်ကား ၁၀၀ ဝင်ရောက်မှသာ လုံလောက်မှုရှိမည်ဟု ကုလသမဂ္ဂက ဆိုသည်။

အစ္စရေးတို့ ဆက်လက်ဗုံးကြဲနေသဖြင့် ယမန်နေ့ည သေဆုံးသူ ၈၀ ကျော် ရှိသည်ဟု ဟားမတ်စ်ကျန်းမာရေးဌာနက ပြောကြားသည်။

အောက်တိုဘာလ (၇)ရက်မှ စတင်ကာ ဂါဇာဘက်ခြမ်းတွင် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀၀၀ နီးပါး သေဆုံးခဲ့ရပြီဟု ဆိုသည်။


ဂါဇာတွင် ယခုအခါ လူပေါင်း တစ်သန်းကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရသည်ဟု သိရသည်။

ဂါဇာတောင်ပိုင်း ခန်းယူနစ်ရှိ နက်ဆာ ဆေးရုံတွင် လောင်စာဆီ မရတော့သဖြင့် အသက်ကယ် ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ခြင်း မရှိတော့သလို သွေး နှင့် အသက်ကယ် ခွဲစိတ်ကိရိယာများ ပြတ်လပ်နေပြီဟု သိရသည်။

လူအများအပြား ဆေးရုံဝင်းအတွင်း နှင့် လမ်းမများပေါ်တွင် အိပ်စက်နေရသည်ဟု ဆိုသည်။

ပါလက်စတိုင်းဒုက္ခသည်များအား အကူညီပေးနေသည့် ကုလသမဂ္ဂအေဂျင်စီ UNRWA ၏ အဆိုအရ ဂါဇာတောင်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် လက်ခံနိုင်သည့် အရေအတွက်ထက် လေးဆကျော် ပိုများနေသည်ဟု သိရသည်။ လူပေါင်း ၆၀၀၀၀၀ တို့သည် ကုလအေဂျင်စီက နေရာချပေးထားသော စာသင်ကျောင်း၊ ဆေးရုံ ၁၅၀ ခန့်တွင် စုံပြုံတိုးဝှေ့နေထိုင်နေကြရသည်ဟု ဆိုသည်။

 NN-27

ref:BBCWorld



ဆက်စပ် သတင်းများ