ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

အမေရိကန်နိုင်ငံ မိန်းပြည်နယ် ဘားတစ်ခုအတွင်း သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၁၆ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 745

(သေနတ်သမားကို ဖမ်းဆီးနိုင်ရန် ရဲများက ပိုက်စိပ်တိုက် ရှာဖွေမှုများပြုလုပ်နေဆဲဖြစ်)

အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ် (Maine)၊ လူးဝစ္စတန်မြို့တွင် ဗုဒ္ဓဟူးညက သေနတ်ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာ အနည်းဆုံး လူ ၁၆ ဦးသေဆုံးသွားသည်ဟု သိရှိရသည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ လူးဝစ္စတန်မြို့ရှိ ဘားနှင့် ဘိုးလင်းခန်းမတွင်းသို့ သေနတ်သမားတစ်ဦး ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်သမားကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ သေနတ်သမား ခိုအောင်းနိုင်သည့်နေရာများကို ရာနှင့်ချီသော ရဲများက ပိုက်စိပ်တိုက် ရှာဖွေနေဆဲဖြစ်သည်။


တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ နှင့် ဒဏ်ရာရသူ ပိုမိုများပြားနိုင်သည်ဟု သိရပြီး အရေအတွက်အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

ပြည်နယ်နှင့် ဒေသခံရဲများက ပစ်ခတ်သူမှာ ရောဘတ် အာကဒ်(၄၀နှစ်) ဖြစ်သည်ဟု အခင်းဖြစ်ရပ်မတိုင်မီ ဖေ့ဘွတ်ပေါ်တွင် ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်သေနတ်ပစ်ခတ်နေပုံအရ ယူဆသည်။

ပစ်ခတ်မှုဖြစ်ပွါးစဉ် ရရှိခဲ့သည့်ဓါတ်ပုံတွင်လည်း အညိုရောင်ခေါင်းစွပ်၊ အညိုရောင်ဘောင်းဘီ ဝတ်ဆင်ပြီး မုတ်ဆိတ်မွေးနှင့် သေနတ်ချိန်ရွယ်နေသူတစ်ဦးကို မြင်တွေ့ရသည်။

မီဒီယာအများအပြားက မိန်းရဲတပ်ဖွဲ့သတင်းအရ အဆိုပါပုဂ္ဂိုလ်သည် ကျွမ်းကျင်သော သေနတ်ပစ်ခတ်နည်းသင်ကြားသူ ဖြစ်သလို စိတ်ကျန်းမာရေးချို့ယွင်းနေသော အမေရိကန်စစ်တပ်၏ အရန်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဖော်ပြကြသည်/။

သေနတ်ပစ်ခတ်မှုဖြစ်ပွါးသောနေရာမှာ လူးဝစ္စတန်မြို့နှင့် သုံးမိုင်ကျော် ကွာဝေးသော ဘား နှင့် ဘိုးလင်းစခန်းတစ်ခု ဖြစ်သည်။

လူးဝစ္စတန်မြို့မှာ လူဦးရေ ၃၈၀၀၀ ခန့်သာရှိပြီး ချည်ထည်များဖြင့်ထင်ရှားကာ ပေါ့တ်လန်းမြောက်ဘက် မိုင် ၃၅ မိုင်အကွာတွင် တည်ရှိသည်။

သေဆုံးသူ ၁၆ ဦးမှ ၂၂ ဦးအထိရှိသည်ဟု ခန့်မှန်းထားပြီး အကယ်၍ ၂၂ဦး သေဆုံးခဲ့လျှင် ယခုပစ်ခတ်မှုမှာ ၂၀၁၉ခုနှစ်က El Paso Walmart တွင် သေနတ်သမားတစ်ဦးက AK-47 သေနတ်ဖြင့် ပစ်ခတ်သဖြင့် လူ ၂၃ဦး သေဆုံးမှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် အဆိုးရွားဆုံး ပစ်ခတ်မှုတစ်ခုဖြစ်သည်။

 

NN-27

ref:CNA/Reuters

ဆက်စပ် သတင်းများ