တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဆန္ဒပြပွဲအတွင်း ရုန်းရင်းဆန်ခတ်မှုဖြစ်ကာ ရဲတစ်ဦးသေဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီခေါင်းဆောင် အလမ်ဂျီယာဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

(ရုန်းရင်းဆန်ခတ်မှုအတွင်း ဒါဇင်နှင့်ချီသော မီးရှို့မှုဖြစ်ပွား)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်ရက်များက ဖြစ်ပေါ်ခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ အတွင်း ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့ကာ ရဲတစ်ဦးသေဆုံးပြီးနောက် အဓိက အတိုက်အခံပါတီခေါင်းဆောင် အပါအဝင် ပါတီအဖွဲ့ဝင်အများအပြား ဖမ်းဆီးခံလိုက်ရသည်ဟု သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(BNP) အထွေထွေအတွင်းရေးမှုး ဖာခရူလ် အစ္စလာမ် အလမ် ဂျီယာ အပါအဝင် ပါတီအဖွဲ့ဝင်အများအပြား ဖမ်းဆီးခံရသည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် စနေနေ့က ဒါကာမြို့တော်တွင် ဘင်္ဂလားဒေ့ရှ်အတိုက်အခံပါတီ( BNP) က ဦးဆောင်ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နှုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်ခဲ့ရာ လူပေါင်း တစ်သိန်းကျော် ပါဝင်ခဲ့ကြသည်။

၎င်းဆန္ဒပြမှုဖြစ်ပွားခဲ့သည့် လွန်ခဲ့သည့် စနေ နေ့လယ် ၁ နာရီမှ တနင်္ဂနွေညနေ ၄ နာရီ မီးရှို့မှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းအထဲတွင် ၂၇ ကြိမ်မှာ ဒက္ကားမြို့တော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


အဆိုပါဆန္ဒပြပွဲအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွါးမှုကြောင့် ရဲအရာရှိတစ်ဦး နှင့် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ရသည်။ ဘီအန်ပီ ပါတီ အထွေထွေအတွင်းရေးမှူ အလမ်ဂျီယာ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကွဲလွဲသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

ဒေသသတင်းမီဒီယာများက အလမ်ဂျီယာ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှာ ဘင်္ဂလားဒေ့ရှ် တရားသူကြီးချုပ် နေအိမ်ကို တိုက်ခိုက်ရာ၌ ပါဝင်သောကြောင့်ဟုဆိုသည်။

အေအက်ဖ်ပီသတင်းဌာနကမူ အလမ်ဂျီယာ နှင့် ပါတီအဖွဲ့ဝင် ၁၆၄ ဦးအား စနေနေ့ ဆန္ဒပြပွဲအတွင်း ရဲအရာရှိတစ်ဦး သေဆုံးခဲ့ရမှုနှင့်ပတ်သက်ပြီး လူသတ်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က စနေ့နေ့ဆန္ဒပြပွဲတွင် အကြမ်းဖက် ဆန္ဒပြသူများက ရဲအရာရှိတစ်ဦးကို ခုတ်သတ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ တနင်္ဂနွေနေ့တွင် ဒါကာမြို့ နေရာအနှံ့အပြား၌ ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ် ထပ်မံ ဖြစ်ပေါ်ခဲ့ပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) အထွေထွေအတွင်းရေးမှူး အလမ်ဂျီယာ သည် ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ဖမ်းဆီးခံရကာ အကျင့်ပျက်ခြစားမှုပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရပြီးနောက် ပါတီခေါင်းဆောင်နေရာကို ရယူခဲ့ရသူဖြစ်သည်။

လာမည့် ဇန္နဝါရီလတွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ် ဟာဆီနာ အစိုးရ နှုတ်ထွက်ပေးရေး နှင့် ဘက်လိုက်မှုမရှိသည့် ကြားဖြတ် အစိုးရတစ်ရပ်ဖွဲ့စည်းပေးရန် အတိုက်အခံ BNP ပါတီက တောင်းဆိုဆန္ဒပြလျှက်ရှိသည်။ BNP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဇဟာအူဒင် ဆွာပန်က လွန်ခဲ့သည့်တစ်ပတ်အတွင်း ပါတီအရေး လှုပ်ရှားတက်ကြွသူနှင့် ထောက်ခံသူ စုစုပေါင်း ၃၀၀၀ ကျော် ဖမ်းဆီးခံရသည်ဟု ပြောဆိုခဲ့သည်။

 

NN-27

 ref:BBCWorld

ဆက်စပ် သတင်းများ