အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

နီပေါနိုင်ငံ အနောက်ဘက် ဝေးလံခေါင်ဖျားသောအရပ်၌ ငလျင်လှုပ်၊ လူပေါင်း ၁၀၀ ကျော်သေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 769

နီပေါနိုင်ငံ အနောက်ပိုင်း ဝေးလံခေါင်ဖျားသောအရပ်တွင် သောကြာနေ့ ဒေသစံတော်ချိန် ၁၁နာရီက အင်အား ၅.၆ မဂ္ဂနီကျုရှိသည့် ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၀၀ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူ မှ အနောက်ဘက် မိုင်ပေါင်း ၃၀၀ ကျော်ဝေးကွာသည့် ဂျာဂျားကော့နှင့် ရာခွန်းခရိုင်တွင် ငလျင်လှုပ်ခဲ့ပြီးနောက် လုံခြုံရေးအဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြသည်။

 

ငလျင်လှုပ်ခတ်မှုကို မြို့တော် ခတ္တမန္ဒူ နှင့် အိမ်နီးချင်းနိုင်ငံ နယူးဒေလီမြို့အထိ ခံစားသိရှိရသည်ဟု ဆိုသည်။


နီပေါစစ်တပ်ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ လူပေါင်း ၁၀၀ ကျော်သေဆုံးသည်ဟု သိရှိရပြီး ဂျာဂျားကော့ဆေးရုံတွင် ဒဏ်ရာရလူနာများဖြင့် ပြည့်နေသည်ဟု ဆိုသည်။

 

တစ်နာရီအတွင်း နောက်ဆက်တွဲ ငလျင် သုံးကြိမ်လှုပ်ခဲ့ပြီးနောက် ထိုဒေသရှိလူများ နောက်ထပ်ငလျင်လှုပ်လာမည်ကို စိုးရိမ်ထိတ်လန့်ပြီး တစ်ညလုံး အမိုးအကာမဲ့ ဟင်းလင်းပြင်တွင် နေခဲ့ရသည်ဟု ဆိုသည်။

 

ဒေသခံသတင်းမီဒီယာများ၏ ဗီဒီယိုများတွင် ပြိုကျနေသောအဆောက်အဦးအများအပြားနှင့်တကွ လူအချို့ အဆောက်အဦးပျက်များအကြား အသက်ရှင်ကျန်နေသူများ ရှာဖွေနေကြပုံကို မြင်တွေ့ကြရသည်။

 

နီပေါဝန်ကြီးချုပ် ပွတ်ရှ်ပ ကမဲလ်ဒါဟဲ က သေဆုံးသူများအတွက် အလွန်ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအလျင်အမြန်လုပ်ဆောင်ရန် လုံခြုံရေးအဖွဲ့များအား ညွှန်ကြားခဲ့သည်။

 

သို့သော် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ မြေပြိုမှုကြောင့် လမ်းများပိတ်နေသဖြင့် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးဟု ဆိုသည်။ ဂျာဂျားကော့ခရိုင် ရဲမှူးကြီး ဆူရက်ရှ် ဆူနာက ငလျင်လှုပ်ပြီးနောက် အခြေအနေအရပ်ရပ်ကို ချက်ချင်း မသိရှိနိုင်သေးဟု အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

 

ငလျင်သည် သောကြာနေ့ ဒေသစံတော်ချိန် ၁၁ နာရီက လှုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဘူမိဗေဒ လေ့လာရေးဌာန၏ ထုတ်ပြန်ချက်အရ အင်အား ၅.၆ မဂ္ဂနီကျုရှိသည်ဟု သိရသည်။

 

NN-27

 ref:BBCWorld

ဆက်စပ် သတင်းများ