ပြိုင်ပွဲမတိုင်မီကတည်းကလက်ဝှေ့ပရိသတ်များအကြား စိတ်ဝင်စားမှု မြင့်တက်နေခဲ့သောအဆိုပါပြိုင်ပွဲကို ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်မာနက် ကိုယ်တိုင်တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
ကမ္ဘောဒီးယားခွန်ခမာလက်ဝှေ့အား လူသိများလာအောင် ပြုလုပ်သည့် အဆိုပါပြိုင်ပွဲတွင်ခွန်ခမာလက်ဝှေ့သမား ၆ ဦး နှင့် နိုင်ငံတကာမှ ပြိုင်ဘက်များထိုးသတ်ခဲ့ကြသည်။
သို့သော်အဓိကပွဲကြီး ဖြစ်သော ဒေ၀ နှင့် ပရမ် ဆမ်နန်တို့ ပွဲကိုမူ အခြားပွဲစဉ်များနှင့်မတူဘဲ (၉)မိနစ် တစ်ချီတည်း ထိုးသတ်ရန် သဘောတူထားသည်။ ၉ မိနစ်အတွင်းအလဲထိုးနိုင်သူက အနိုင်၇မည်ဖြစ်ပြီး အလဲမထိုးနိုင်လျှင် သရေကျမည်။
မြန်မာ့ရိုးရာလက်ဝှေ့အတိုင်းလက်အိတ်အသုံးပြုခြင်း မရှိဘဲ ပတ်တီးကြိုးချည် ဗလာလက်သီးဖြင့် ယှဉ်ပြိုင်ထိုးသတ်၇သည်။ ကမ္ဘောဒီးယားခွန်ခမာချန်ပီယံ ပရမ်ဆမ်နန်မှာ ပွဲပေါင်း ၁၆၀ အထိ အနိုင်၇ထားပြီးကမ္ဘောဒီးယားတွင် အကောင်းဆုံး လက်ဝှေ့သမားဖြစ်သလို မြန်မာ့လက်ဝှေ့ချန်ပီယံ ရရှိထားသူ ဒေ၀ မှာမြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းအပါအဝင်နိုင်ငံတကာ ထိပ်တန်းပြိုင်ဘက်များ အားလုံးကို အနိုင်ရထားသည့် ရွှေခါးပတ် ချန်ပီယံတစ်ဦးဖြစ်သည်။
ဖနွမ်းပင်မြို့Chip Moung Mega Mall ရှော့ပင်းစင်တာရှေ့၌ ပြုလုပ်သည့် အဆိုပါလက်ဝှေ့ပွဲကို ကမ္ဘောဒီးယား ပရိသတ် သုံးသောင်းခန့် လာရောက်အားပေးကြည့်ရှုခဲ့သည်။
ဒေ၀က မြန်မာနိုင်ငံအလံကို ခြုံပြီး ကြိုးဝိုင်းပေါ် တက်လာသလို ပရမ်ဆမ်နန်ကလည်းကမ္ဘောဒီးယားရိုးရာ ပုံစံဖြင့် ကြိုးဝိုင်းတွင်း ဝင်ရောက်လာသည်။ မွေထိုင်းလက်ဝှေ့ နှင့် ထပ်တူနည်းပါး တူညီနေသည့်ခွန်ခမာလက်ဝှေ့ယိမ်းကို ပရမ်ဆမ်နန်က ကပြနေစဉ်ဒေ၀က လက်ခမောင်းခတ်၍ မြန်မာ့လက်ဝှေ့ယိမ်းပြရာ ပရိသတ်များလက်ခုပ်တီး အားပေးကြသည်။
ပွဲစတင်သည်နှင့်“ သံမဏိသစ်ကုလားအုတ်” ဟု တင်စားခံ၇သည့် ဒေ၀ က သွေးအေးစွာဖြင့် ပရမ်ဆွမ်နန်ကို ရင်ဆိုင်ခဲ့သည်။
ဒေ၀၏ ကျစ်လျစ်သောခန္ဓာ၊ ရှည်လျားသောလက်တံ၊အားပါသော လက်သီးချက်များကို ပရမ်ဆမ်နန် သတိထားပြီး မဝင်ရဲဘဲတုန့်ဆိုင်းနေစဉ် ဒေ၀ ရုတ်တရက် ဘယ်ညာလက်သီးစုံပစ် ထိုးသတ်စဉ်တစ်မိနစ်မှာပင် ဒေ၀၍ ညာဝိုက်လက်သီးတစ်လုံးက ပရမ်ဆမ်နန် မျက်နှာကို ထိထိမိမိ ဝင်ရောက်သွားရာ ပရမ်ဆမ်နန် ဖင်ထိုင်လဲပြီး မူးသွားခဲ့သည်။
ဆက်လက်ယှဉ်ပြိုင်ထိုးသတ်စဉ်မှာလည်းပရမ်ဆမ်နန်ဘက်က ဒေ၀အား ထိထိမိမိ မထိုးနိုင်ဘဲဒေ၀၏ လက်သီးချက်များကိုသာ အလူးအလဲ ခံနေခဲ့ရသည်။ ပရမ်ဆမ်နန်၏ မျက်နှာမှာဖူးယောင်နေစဉ် ဒေ၀မှာ အထိအခိုက်မရှိ သက်သောင့်သက်သာပုံစံရှိသလို ပရိသတ်သတ်ဘက်လှည့်၍ လက်ခမောင်းပင် ခတ်ပြလိုက်သေးသည်။
ကမ္ဘောဒီးယားလက်ဝှေ့သမားပရမ်ဆမ်နန်က ပွဲချီမပြည့်မီ တုန့်ပြန်ရန်ကြိုးစားသော်လည်းအရာသိပ်မထင်ဘဲ ပွဲပြီးသွားခဲ့သည်။ ပြိုင်ပွဲစည်းမျဉ်းအရအလဲမထိုးနိုင်သဖြင့် ပူးတွဲ သရေဖြစ်သွားခဲ့သည်။
ပူးတွဲချန်ပီယံဆုကိုကမ္ဘောဒီးယာဝန်ကြီးချုပ် ဟွန်မာနက်ကိုယ်တိုင် စင်ပေါ်တက်ရောက်ချီးမြှင့်ခဲ့သည်။
ကနေဒါနိုင်ငံသားမြန်မာ့လက်ဝှေ့ချန်ပီယံ ရွှေးခါးပတ် ရရှိထားသူ ဒေ၀ သည် ယခင်က MMAနှင့် မွေထိုင်းလက်ဝှေ့ ထိုးသတ်ခဲ့သူဖြစ်ပြီးမြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ်တွင် ရောက်ရှိလာပြီးမြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူကာ ပထမဆုံးမြန်မာမဟုတ်သော ရွှေခါးပတ်ချန်ပီယံဖြစ်လာသူဖြစ်သည်။
သူသည်၂၀၁၆ ခုနှစ်မှာပင် ရန်ကုန်မြို့ Strand Hotel ၌ သူ၏ ချစ်သူ မော်လ်ဒိုဗာ မော်ဒယ်အမျိုးသမီး အိုင်းရီးနား နှင့် မြန်မာ့ရိုးရာဓလေ့ပုံစံဖြင့် လက်ထပ်ပွဲပြုလုပ်ခဲ့သည်။
ရှုံးပွဲမရှိမြန်မာ့ရိုးရာ နိုင်ငံတကာလက်ဝှေ့ချန်ပီယံ ဒေ၀ သည် မြန်မာနိုင်ငံ၌စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အစိုး၇ကို ဆန့်ကျင်မှုဖြင့် မြန်မာနိုင်ငံသို့လာရောက်ခွင့်မရတော့ဟု သိရှိ၇သည်။ NN-27