တရုတ်-မြန်မာနယ်စပ်တစ်လျှောက်စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများတိုးပွားလာနေစဉ် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်မြန်မာစစ်ကောင်စီအား ယနေ့ နိုဝင်ဘာ(၆)ရက်တွင် တိုက်တွန်းလိုက်သည်။
မြန်မာစစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားနေသည့် တရုတ်နယ်စပ်တစ်လျှောက်တွင် တည်ငြိမ်အေးချမ်းမှုရရှိအောင်ကြိုးပမ်းမည်ဟု ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။
“တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ နယ်စပ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေး အတွက် ထိရောက်တဲ့ ဆောင်ရွက်မှုလုပ်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံနဲ့ပူးပေါင်းဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်”ဟု တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနောင်ရောင်း က ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီးမြန်မာစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက တစ်စုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။
ပြီးခဲ့သည့်စနေနေ့က မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်တစ်စင်း နယ်စပ်ကျော်လွန်ပြီးတရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ရာ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးပြီးအများအပြား ဒဏ်ရာ၇ခဲ့သည်ဟု AsiaTimes သတင်းစာက ရေးသားဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသို့နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ သွားရောက်ခဲ့သည့် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကမြန်မာစစ်ကောင်စီအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်မှုရအောင်ပါဝင်ပတ်သက်နေသူများအားလုံးနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး အဖြေရှာရန်တိုက်တွန်းထားသည်။
လတ်တလောတွင်ထိုင်းနိုင်ငံသည် နယ်စပ်ဒေသတွင် ပိတ်မိနေသော ထိုင်းနိုင်ငံသား ၁၆၂ ဦးကိုကယ်ထုတ်ရန် ကြိုးပမ်းလျှက်ရှိနေသည်။
တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏မြန်မာခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ တရုတ်အစိုးရအဖွဲ့အစည်းများ နှင့်စီမံကိန်းများ၏ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ပေးရန် စစ်ကောင်စီကိုတိုက်တွန်းခဲ့သည်။
တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည်တရုတ်၏ ခါးပတ် နှင့် လမ်းများစီမံကိန်း( BRI)တွင်ပါဝင်သော စီမံကိန်းနေရာများနှင့် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှတရုတ်နိုင်ငံအထိ ဆက်သွယ်ထားသော ၇၉၃ ကီလိုမီတာရှည်လျားသည့်သဘာ၀ဓါတ်ငွေ့ပိုက်လိုင်းကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။
ref:CNA