အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ အေပက်ထိပ်သီးညီလာခံတွင် တွေ့ဆုံပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ဆွေးနွေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 693

ယခုတစ်ပတ်အတွင်း အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွါးရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ထိပ်သီးညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံကြသည့်အခါ “ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စကို အဓိကထား ဆွေးနွေးကြမည်ဟု တရုတ်နိုင်ငံက ပြောကြားလိုက်သည်။

တရုတ် နှင့် အမေရိကန်တို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပြီးခဲ့သည့်နှစ်အတွင်း တင်းမာမှုများ ရှိခဲ့ပြီး ယူကရိန်း-ရုရှားအရေး၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခတို့ကြောင့် ကမ္ဘာ့အရေးဆိုင်ရာ သဘောထား ကွဲလွဲမှုများ ရှိနေချိန်တွင် ယခု တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရှီကျင့်ဖျင် နှင့် ဂျိုးဘိုင်ဒင်တို့သည် ၂၀၂၂ခုနှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီ G-20 ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုတွေ့ဆုံမှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

“ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ တရုတ်-အမေရိကန်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မဟာဗျူဟာ၊ အထွေထွေ နဲ့ ဦးတည်ချက်ဆိုင်ရာတွေကို အသေးစိတ်ဆွေးနွေးကြမှာ ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မော်နင်းက ပြောကြားခဲ့သည်။

“ တရုတ်က ပြိုင်ဆိုင်မှုကို မကြောက်ပါဘူး” “ဒါပေမယ့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ပြိုင်ဆိုင်မှုဆိုတဲ့ အသုံးအနှုန်းနဲ့ ပြောဆိုတာကိုတော့ လက်မခံပါဘူး” ဟု သူမက ဆက်ပြောသည်။

ရှီကျင့်ဖျင် နှင့် ဂျိုးဘိုင်ဒင်တို့သည် ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် အေပက်ထိပ်သီးအစည်းအဝေး ၏ အပြင်ဘက် အစည်းအဝေးတွင်  နိုဝင်ဘာ ၁၅ ရက်၌ သီးခြားတွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် နှစ်နိုင်ငံအကျိုးတူဆက်ဆံရေး၊ ဒေသဆိုင်ရာ နှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတို့ကို ဆွေးနွေးကြမည်ဟု အိမ်ဖြူတော်သတင်းပြန်ကြားရေးအရာရှိ ကရင်း ယန်း ပီယဲ က ပြောကြားခဲ့သည်။ ရှီ နှင့် ဘိုင်ဒင် တို့ ယခုကဲ့သို့ ထိပ်သီးတွေ့ဆုံခြင်းမပြုမီ ပြီးခဲ့သည့်လကတည်းက နှစ်နိုင်ငံအဆင့်မြင့်အရာရှိများ ကြိမ်ဖန်များစွာတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

လာမည့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံကြမည့် ရှီ-ဘိုင်ဒင် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲမှာ ဆက်ဆံရေး အခြေအနေအဆိုးရွားဆုံးအထိ ကျဆင်းသွားသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပုံမှန်အနေအထား ပြန်လည်ရောက်ရှိရန် အဓိကရည်ရွယ်သည်ဟု အမေရိကန် ထိပ်သီးအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

 

NN-27

ref:CAN

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!