အစ္စရေးတပ်များသည်ဂါဇာရှိ အကြီးဆုံးဆေးရုံ အယ်လိ ရှီဖာ ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပြီးခိုအောင်းနေသော ပါလက်စ်တိုင်း ဟားမတ်စ်စစ်သွေးကြွများကိုလက်နက်ချရန် တောင်းဆိုခဲ့သည်။
ဒေသစံတော်ချိန်နံနက် ၁ နာရီတွင် အစ္စရေးတို့က အဆိုပါဆေးရုံကြီးကို ဝင်ရောက်တိုက်ခိုက်မည်ဟုကျန်းမာရေး အရာရှိများအား အသိပေးခဲ့ပြီး မိနစ်ပိုင်းအတွင်းစီးနင်းတိုက်ခိုက်မှု စတင်ခဲ့သည်ဟု ဂါဇာကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။
" ဆေးရုံအနောက်ဘက်ကပေါက်ကွဲသံအကြီးကြီး ကြားရပြီး ဖုန်လုံးတွေလှိမ့်ဝင်လာတယ်။ဆေးရုံဝင်းထဲမှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားတယ်လို့ယူဆရတယ်" ဟု ဂါဇာကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် မူနီယာ အယ်ဘာ့ရှ်ကအယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောကြားခဲ့သည်။
အယ်လ်ရှီဖာဆေးရုံကြီး၏ တစ်နေ့တခြားဆိုးရွားလာနေသော အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲပေးရန်အစ္စရေးအား တောင်းဆိုခဲ့သော်လည်းအစ္စရေးက ဟားမတ်စ်တို့သည် အဆိုပါဆေးရုံကြီး၏ မြေအောက် လှိုဏ်ခေါင်းများကိုအဓိက စစ်စခန်းအဖြစ် အသုံးချ နေသည်ဟုဆိုကာ ယခုကဲ့သို့စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက" ထောက်လှမ်းရေးသတင်းအချက်အလက်နဲ့စစ်ဆင်ရေး လိုအပ်ချက်အရ အစ္စရေးကာကွယ်ရေးတပ်တွေဟာရှီဖာဆေးရုံကြီးရဲ့ တိကျတဲ့နေရာတချို့မှာ ဟားမတ်စ်တွေကိုအဓိက ပစ်မှတ်ထား စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်"ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ဟားမတ်စ်စစ်သွေးကြွများသည် ရှီဖာဆေးရုံကြီးကို အကာအကွယ်ယူ၍ ဆေးရုံအောက်လှိုဏ်ခေါင်းများတွင် စစ်ဌာနချုပ်ဖွင့်လှစ်ကာ ဓါးစာခံများကိုလည်းထိန်းသိမ်းထားသည်ဟု အစ္စရေးတို့က ဆိုသည်။
အမေရိကန်တို့ကလည်း၎င်းတို့ စုံစမ်းရရှိထားသည့် သတင်းအချက်အလက်များအရ အစ္စရေး၏ပြောဆိုချက် မှန်ကန်သည်ဟု ထောက်ခံခဲ့သည်။
အမေရိကန်ကမီးစိမ်းပြလိုက်သည့်အတွက် အစ္စရေးတပ်များက ယခုကဲ့သို့ ဆေးရုံကြီးအားဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဟားမတ်စ်တို့က ပြောကြားလိုက်ပြီးဆေးရုံတိုက်ခိုက်မှုတွင် အစ္စရေးနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့၌လုံး၀တာဝန်ရှိသည်ဟု ပြောဆိုလိုက်သည်။
ဂါဇာစီးတီးအားအစ္စရေးတပ်များ ဝင်ရောက်ပြီး ဆယ်ရက်ကြာ လမ်းမများပေါ်တွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီးနောက်အယ်လ် ရှီဖာ ဆေးရုံကြီးတွင်လူနာ ၆၅၀ နှင့်ပါလက်စတိုင်းအရပ်သား ၅၀၀၀ မှ ၇၀၀၀ ကြား ပိတ်မိနေခဲ့သည်ဟု ဟားမတ်စ်တို့ကဆိုသည်။
လောင်စာဆီ၊ရေနှင့် ဆေးရုံအထောက်အကူပစ္စည်းများ ပြတ်လပ်မှုကြောင့်ပြီးခဲ့သည့် ရက်အတွင်း မွေးကင်းစ ကလေးငယ် ၃၆ ဦးအပါအဝင် လူပေါင်း၄၀ သေဆုံးခဲ့၇သည်ဟု ဆိုသည်။
ဆေးရုံအတွင်းပိတ်မိနေသော ပါလက်စတိုင်းများသည် အင်္ဂါနေ့က သေဆုံးသွားသူများကိုဆေးရုံဝင်းအတွင်းမှာပင် မြေကျင်းတူပြီး စုပေါင်းမြှုပ်နှံခဲ့၇သည်ဟုဆိုသည်။
ဆေးရုံအတွင်းစိတ်မချမ်းမြေ့ဖွယ်ရာ သေဆုံးသွားခဲ့ရသူများအတွက် အလွန်စိတ်ထိခိုက်ရကြောင်းကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဂူတာရက်စ်က ပြောကြားခဲ့ပြီးအစ္စရေးတို့အား လူသားချင်းစာနာထောက်ထားမှု အပစ်အခတ်ရပ်စဲရေးချက်ချင်းပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
NN-27
ref:cna