Preview

ပိုမိုဆိုးရွားလာနေသော မြန်မာပြည်တွင်းစစ် ပဋိပက္ခအပေါ် ဝမ်းနည်းမိကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပြောကြား

နိုဝင်ဘာ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :830
နိုင်ငံတကာ သတင်း

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို နိုဝင်ဘာ(၁၅)ရက်က အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တွင် ကျင်းပခဲ့ရာ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးပရာဘိုဝို ဆူဘီယန်တို က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်းစစ်အခြေအနေပိုမိုဆိုးရွားလာနေသည့်အတွက် ဝမ်းနည်းမိကြောင်း အဖွင့်မိန့်ခွန်းတွင်ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံမှအပကျန်အာဆီယံနိုင်ငံအားလုံးမှ ကာကွယ်ရေးဝန်ကြီးများတက်ရောက်ခဲ့သည့်အဆိုပါအစည်းအဝေးတွင် ပရာဘိုဝိုက အစ္စရေး-ဟားမတ်စ်စစ်ပွဲကို အမြန်ဆုံးရပ်စဲပြီး လူသားချင်းစာနာမှု အကူအညီပေးရေးလမ်းကြောင်းတစ်ခုဖွင့်ပေရန် တိုက်တွန်းခဲ့သလို အငြင်းပွါးနေသောတောင်တရုတ်ပင်လယ်အရေးတွင် နိုင်ငံတကာဥပဒေများကို လိုက်နာပြီးလွတ်လပ်စွာ ရေကြောင်း လေကြောင်းသွားလာခွင့် ရရှိရေး၊ ပဋိပက္ခရှောင်ရှားရေးတို့ကိုတိုက်တွန်းသွားခဲ့သည်။

သို့သော်မြန်မာ့အရေး နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မပေးနိုင်ခဲ့ဘဲမြန်မာနိုင်ငံတွင် တစ်နေ့တခြား ဆိုးရွားလာနေသည့်အခြေအနေများအတွက် ဝမ်းနည်းမိကြောင်းသာ ပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံမှာ တစ်နေ့တခြားအခြေအနေတွေ ဆိုးရွားလာတဲ့အတွက် ကျွန်တော်တို့ဝမ်းနည်းရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုခိုင်မာပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ အာဆီယံအဖွဲ့ဝင်တွေကိုအင်ဒိုနီးရှားက တိုက်တွန်းပါတယ်” ဟု အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးပရာဘိုဝိုက ပြောကြားခဲ့သည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော အမေရိကန် ကာကွယ်ရေးဝန်ကြီးအယ်လွိုက် အော်စတင်၊ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူ၊ တရုတ်လက်ထောက်ကာကွယ်ရေးဝန်ကြီး ကျင်ကျန်ဖန်းတို့လည်း တက်ရောက်ကြသည်ဟု သိ၇သည်။

မြန်မာစစ်ကောင်စီသည်၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ပြီးနောက်အင်ဒိုနီးရှား နိုင်ငံတွင် ပြုလုပ်သော အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင်အကြမ်းဖက်မှု လျှော့ချရေး၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့်အတူပဋိပက္ခတွင် ပါဝင်ပတ်သက်နေကြသူများ တွေ့ဆုံဆွေးနွေးရေး၊နေရပ်စွန့်ခွာ ဒုက္ခသည်များကို အကူအညီပေးရေး စသည့် သဘောတူညီချက် (၅)ရပ်ကိုလက်မှတ်ရေးထိုးခဲ့သော်လည်း အကောင်အထည်ဖော်မှု လုံး၀နီးပါးမရှိသည့်အတွက် အာဆီယံနိုင်ငံများက ခေါင်းဆောင်များတက်ရောက်သည့် အစည်းအဝေးအားလုံးတွင် မြန်မာအား တက်ရောက်ခွင့်ပိတ်ပင်ထားခဲ့သည်။ ထို့ကြောင့်ယခုကျင်းပသော အာဆီယံကာကွယ်ရေး ဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံပါဝင်ခြင်း မရှိပေ။ NN-27

ref:CNA

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.