စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသားများ ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား၍ ပြန်လာကြရန် ယူနန်ပြည်နယ် ရဲကတိုက်တွန်းထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 922

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်ကြသော တရုတ်နိုင်ငံသားများ ယခုနှစ်ကုန် ( ဒီဇင်ဘာ-၃၁) နောက်ဆုံးထား၍ တရုတ်နိုင်ငံသို့ ပြန်လာကြရန် ယူနန်ရဲက တိုက်တွန်းထားကြောင်း ဂလိုဘယ်တိုင်း သတင်းစာက ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့က ဖော်ပြခဲ့သောအဆိုပါသတင်းတွင် ယူနန်ပြည်နယ်၊ အနောက်တောင်ပိုင်း ပေါက်ရှန်ခရိင် ရဲက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ တရုတ်ပြည်သူတို့​၏ အသက်အိုးအိမ် လုံခြုံရေးအတွက် တရားမဝင် အွန်လိုင်းလိမ်လည်မှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ရန် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများ ယခုနှစ်ကုန် နောက်ဆုံးထား၍ နိုင်ငံထဲ ပြန်လာကြရန် တိုက်တွန်းထားသည်။

ထိုသို့ ပြန်မလာမီ ခုနစ်ရက်ကြိုတင်ပြီး ရဲထံ ဖုန်းဆက်အသိပေးအကြောင်းကြားရမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက် ရောက်ရှိသည့်အခါ ရဲစခန်းသို့သွားရောက် သတင်းပို့ရမည်ဟု ဆိုသည်။

ကြိုတင်သတင်းပေးပို့ပြီး သတ်မှတ်ရက်အတွင်း ဆန္ဒအလျောက် ပြန်လာသူများကို ဥပဒေအရ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ပေးမည်ဖြစ်ပြီး ဝင်ရောက်လာသူ​၏ မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် လုပ်ဆောင်မှု နှင့် အခြေအနေပေါ်မူတည်၍ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုမည်ဟု ဆိုသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသားများအနေဖြင့် တရုတ်ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကြရန်နှင့် ဆွေမျိုးသားချင်းများအား ပြန်လာကြရေး တိုက်တွန်းရန် နှိုးဆော်ထားသည်။

ယခုကဲ့သို့ တိုက်တွန်းချက်ကို လက်မခံသူများ နှင့် တရားမဝင်လုပ်ဆောင်မှုများကို အမှန်အတိုင်း ဝန်မခံသူများကို ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း တရားမဝင်နေထိုင်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြန်မလာကြသူများကို အိမ်ထောင်စုစာရင်း ဖျက်သိမ်းခြင်း၊ ဘဏ်ကဒ်များ၊ အွန်လိုင်းငွေပေးချေမှုများ၊ တရုတ်နိုင်ငံရှိ ဘဏ်ငွေစာရင်း ပေးချေမှု၊ လွှဲပြောင်းမှု၊ ချေးငွေ နှင့် ငွေထုတ်ယူမှုအားလုံး ရုပ်သိမ်းမည့်အပြင် မိုဘိုင်းဖုန်း SIM ကဒ်များ ဖျက်သိမ်းခြင်းနှင့် ဆင်းမ်ကဒ် နှင့် ဘဏ်ကဒ်များ နောက်ထပ် ၅ နှစ် ထပ်မံလျှောက်ထားခွင့်မရှိသည့် ပြစ်ဒဏ်များ ချမှတ်မည်ဟု ဆိုသည်။

ဒေသခံ ရဲများ​၏ အဆိုအရ ယခုကြေညာချက်မှာ တရားမဝင် အွန်လိုင်းလိမ်လည်မှုများကို ထိထိရောက်ရောက် နှိမ်နင်းရန် နှင့် နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ရပ်များကို တိုက်ဖျက်ရန် ရည်ရွယ်သည်ဟု ဆိုသည်။NN-27

ref: Global Times

ဆက်စပ် သတင်းများ