အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

လောက်ကိုင်တွင် ပိတ်မိနေသော ထိုင်း၊ ဖိလစ်ပိုင် နှင့် စင်္ကာပူနိုင်ငံသား ၂၆၆ ဦးကို တရုတ်နိုင်ငံဘက်သို့ ကယ်ထုတ်ပြီး ကူမင်းမှတစ်ဆင့် ထိုင်းသို့ပြန်ပို့ပေးရန် ထိုင်းအာဏာပိုင်များ စီစဉ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 845

ကိုးကန့်ဒေသ၊ လောက်ကိုင်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများ ပါဝင်သည့် လူပေါင်း ၂၆၆ ဦးကို နိုဝင်ဘာ-၁၉(တနင်္ဂနွေနေ့)က တရုတ်နိုင်ငံဘက်သို့ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဖိလစ်ပိုင် နှင့် စင်္ကာပူနိုင်ငံသားအချို့ပါဝင်ပြီး ထိုင်းနိုင်ငံသားအများစုပါဝင်သည့် လူပေါင်း ၂၆၆ ဦးကို တရုတ်-မြန်မာနယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

၄င်းတို့အား တရုတ်နိုင်ငံ၊ ကူမင်းမြို့မှတစ်ဆင့် စင်းလုံးငှါး လေယာဉ်နှစ်စီးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်နေသည်ဟု ဆိုသည်။

ဘန်ကောက်ရောက်ရှိလျှင် ၄င်းတို့အား လူကုန်ကူးမှုနှင့် အခြားရာဇဝတ်မှုများ ကျူးလွန်ထားခြင်း ရှိမရှိ စစ်ဆေးမေးမြန်းမည်ဖြစ်သည်။

ထိုင်းအာဏာပိုင်များ၏ အဆိုအရ မြန်မာနိုင်ငံဘက်ခြမ်း၊ လောက်ကိုင်တွင် ပိတ်မိနေသူများသည် လူကုန်ကူးမှု နှင့် အွန်လိုင်းရာဇဝတ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်နေသူများဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သည့် စနေနေ့က လောက်ကိုင်တွင် ပိတ်မိနေသော ထိုင်းနိုင်ငံသား ၄၁ ဦးကို တာချိလိတ်-မယ်ဆိုင်မှ တစ်ဆင့် ထိုင်းနိုင်သို့ ပြန်လည်ခေါ်ထုတ်အပြီးတွင် ယခုထပ်မံ၍ ထိုင်းနိုင်ငံသား၂၆၆ဦးကို ထပ်မံခေါ်ထုတ်နိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးတွင် မြန်မာစစ်ကောင်စီတပ်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒီမိုကရေစီတိုက်ပွဲဝင်များ ပြီးခဲ့သည့် အောက်တိုဘာ-၂၇ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပေါ်နေခဲ့ပြီး မြန်မာစစ်ကောင်စီသည် အဓိကမြို့များနှင့် ခြေကုပ်စခန်းများ လက်လွှတ်ဆုံးရှုံးလျှက်ရှိနေသည်။

ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပြီး နိုဝင်ဘာ-၁၉ရက်နေ့က တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရှိရသည်။ ref: CNA

ဆက်စပ် သတင်းများ