တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အစ္စရေး နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရလုနီးပြီဟု ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 728

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့များနှင့် အစ္စရေးတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရလုနီးပြီဟု ဟားမတ်စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယေးက နိုဝင်ဘာ-၂၁ရက်နေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားလိုက်သည်။

ဟားမတ်စ် အဖွဲ့ တာဝန်ရှိသူများနှင့် အစ္စရေးတို့အကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများ သဘောတူညီချက် ရရှိရန်နီးစပ်နေပြီဖြစ်ကြောင်း၊ ကာတာ ညှိနှိုင်းရေးမှူးထံသို့ ၎င်းတို့​၏ သဘောထားကို တင်ပြထားပြီးဖြစ်ကြောင်း ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယေးက ရိုက်တာသို့ ပေးပို့သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် နှစ်ဖက်သဘောတူညီချက် အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးဟု ဆိုသည်။

ညှိနှိုင်းဆွေးနွေးကြသည့်အချက်များတွင် အပစ်အခတ်ရပ်စဲရေး ကြာမြင့်ချိန်၊ ဂါဇာသို့ ထောက်ပံ့ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့မည့်အစီအစဉ် နှင့် ဟားမတ်စ်တို့ဖမ်းဆီးထားသည့် ဓါးစာခံများနှင့် အစ္စရေးတို့ထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသားများ လဲလှယ်ရေးတို့ကို အဓိကပါဝင်သည်ဟု ဟားမတ်စ်အဖွဲ့က အယ်လ်ဂျာဇီးယားသတင်းဌာသို့ ပြောကြားခဲ့သည်။

 

နှစ်ဖက်စလုံးက အမျိုးသမီး နှင့် ကလေးသူငယ်များကို ဦးစားပေး ပြန်လွှတ်ရန် သဘောတူခဲ့ပြီး အသေးစိတ်ကို ကာတာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်မည်ဟု ဆိုသည်။

 

ဟားမတ်စ်တို့သည် အောက်တိုဘာလ (၇)ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံမှ လူပေါင်း ၂၄၀ ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 

ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် အစ္စမေးလ် ဟာနီယေး နှင့် နိုင်ငံတကာကြက်ခြေနီကော်မတီ(ICRC) ဥက္ကဌ မစ္စမီယာနာ စပိုလ်ယာရစ် တို့ ကာတာနိုင်ငံတွင် တွေ့ဆုံခဲ့စဉ် ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့သည့် " လူသားချင်း ကူညီစောင့်ရှောက်မှု အရေး ဦးစားပေးဆောင်ရွက်ရန်" ဆွေးနွေးခဲ့သည်ဟု သိရသည်။

 

 အိုင်စီအာစီ နှင့် ဟားမတ်စ်တို့ ဆွေးနွေးကြသည့်အချက်များတွင် ဓါးစားခံများ ပြန်လွှတ်ရေးကိစ္စ မပါဝင်ဟု ဆိုသည်။ ကြားနေအဖွဲ့အစည်းတစ်ရပ်အနေနှင့် ထိုကိစ္စကို ထည့်သွင်းဆွေးနွေးခြင်းမပြုသော်လည်း နောက်ပိုင်း ဓါးစားခံ လွှတ်ပေးသည့်အခါတွင် လိုအပ်သလို အကူအညီပေးရန် သဘောတူခဲ့ကြသည်။

 

ကာတာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် ဟားမတ်စ် နှင့် အစ္စရေးတို့အကြား သုံးရက်ကြာ အပစ်အခတ်ရပ်စဲထားစဉ် အတွင်း ဓါးစားခံ ၅၀ ကို အလဲအလှယ်ပြုလုပ်ရန်၊ ဂါဇာအရပ်သားများအတွက် အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေးများ အမြန်တင်ပို့နိုင်ရန်ကိစ္စများကို ညှိနှိုင်းပေးခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

 

အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး မိုက်ကယ် ဟာဇော့ကလည်း လာမည့်ရက်အတွင်း သဘောတူညီချက် အကောင်အထည်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း နိုဝင်ဘာ -၁၉ ရက်က ABC သတင်းဌာန​၏ This Week အစီအစဉ်တွင် ပြောကြားခဲ့သည်။

 

 ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် အယ်လ်သာနီ က ကျန်နေသေးသော အသေးစိတ် သဘောတူညီချက်များမှာ အရေးသိပ်မကြီးတော့ဟု ပြောဆိုခဲ့သည်။

 

 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန် နီးစပ်လာနေကြောင်း၊ သို့သော် စာချုပ် မချုပ်ဆိုမီ နှစ်ဖက် သဘောတူညီချက်များ ရရှိဖို့ အရင်လိုအပ်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

NN-27

ref: cna/bbcworld

ဆက်စပ် သတင်းများ