တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကမ္ဘာတစ်ဝန်းရှိမြို့ကြီးများတွင် ထောင်ပေါင်းများစွာသော ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 485

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ အထိမ်းအမှတ်အဖြစ် စနေနေ့နေ့က ကမ္ဘာအရပ်ရပ်ရှိ မြို့ကြီးများတွင် ထောင်ပေါင်းများစွာသော ပြည်သူများက လမ်းပေါ်ထွက်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သိရှိရသည်။

အထူးသဖြင့် ဥရောပ နှင့် အမေရိကရှိ မြို့ကြီးများတွင် ဆန္ဒပြသူပိုမိုများပြားသည်ဟု သိရသည်။

“ အမျိုးသမီး အများအပြားအပေါ် နာကျင်မှု နဲ့ တရားမဲ့မှု ဖြစ်စေတဲ့ ကျား/မ လိင်အခြေခံ ခွဲခြားဆက်ဆံမှုတွေဟာ ဆက်ပြီး ဖြစ်နေဆဲပါ” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ အဓိကကျတဲ့ အချက်ကို ကျွန်တော်တို့ သိပါတယ်။ အမျိုးသမီး နဲ့ မိန်းကလေးငယ်တွေ ဘယ်အချိန်၊ ဘယ်နေရာမှာ ခြိမ်းခြောက်ခံရသည်ဖြစ်စေ အဲဒါဟာ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တာဖြစ်တယ်” ဟု ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။


AGI သတင်းဌာန၏ အဆိုအရ အီတလီနိုင်ငံတွင် လူပေါင်း ၅၀၀၀၀ ဝန်းကျင်ခန့် တို့သည် ရောမမြို့တွင် ချီတက်ဆန္ဒပြခဲ့သည်ဟု သိရှိရသည်။

အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ဂူလီယာ ဆက်ချက်တင် အသတ်ခံရပြီးချိန်မှစ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စသည် အီတလီနိုင်ငံတွင် လူအများအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် သုံးရက်အတွင်း အမျိုးသမီးတစ်ဦးနှုန်း သတ်ဖြတ်ခံနေရသည့် အီတလီ၌ ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့သည်။

ဂွါတီမာလာနိုင်ငံတွင် ယခုနှစ်အတွင်း သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီး ၄၃၈ ယောက်ကို ရည်စူး၍ ဆန္ဒပြသူများက ဖယောင်းတိုင် ၄၃၈ တိုင် ထွန်းညှိ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ချီလီနိုင်ငံ ဆန်တီယာဂိုမြို့တွင်လည်း ဆန္ဒပြသူများက အကြမ်းဖက်ခံရသော အမျိုးသမီးများ၏ ဓါတ်ပုံကိုကိုင်ဆောင်၍ စီတန်းလှည့်လည် ဆန္ဒပြကြသည်။


ပြင်သစ်နိုင်ငံမှ ဆန္ဒပြသူများသည် အမျိုးသမီးများနှင့် ကျား/မ တန်းတူညီမျှရေး သင်္ကေတ ဖြစ်သည့် ခရမ်းရောင် ဝတ်စုံများ ဝတ်ဆင်ကာ “ ခြောက်မိနစ်အတွင်း အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်နေတဲ့ ပြင်သစ်” “ သင့် မိန်းကလေးကို ကာကွယ်ပါ။ သင့် ယောကျားကလေးကို ပညာပေးပါ” ဆိုသည့် ပိုစတာများကိုင်ဆောင်လျှက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

နိုဝင်ဘာ ၂၅ ရက်နေ့သည်  နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့  ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်နေ့မှ စတင်၍ ကမ္ဘာအဝန်းတွင် ကျင်းပနေသည်ဟုလည်း သိရသည်။

၎င်းနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရွှေ့ပြောင်း အမျိုးသမီးများက ကျင်းပပြုလုပ်ခဲ့ကြသည်။ 

NN-27

ဓာတ်ပုံ-ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆန္ဒနေကြသည့် အမျိုးသမီးများကို နိုဝင်ဘာ ၂၅ ရက်နေ့က တွေ့ရစဉ်

Ref: Thousands worldwide protest violence against women (Dhaka Tribune)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!