တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ပြိုကျသွားသော မြေအောက်လှိုဏ်ခေါင်းအတွင်း (၁၇)ရက်ကြာ ပိတ်မိနေသည့် အိန္ဒိယအလုပ်သမား (၄၁)ဦးကို အောင်မြင်စွာ ကယ်တင်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 647

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်တန်းဒေသ၊ ဥတ္တရာခန်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်ကတည်းက ဆောက်လုပ်ဆဲ မြေအောက်ဥမင်လှိုဏ်ခေါင်းတစ်ခု ပြိုကျပြီး အထဲတွင် ဆောက်လုပ်ရေး အလုပ်သမား (၄၁)ဦး ပိတ်မိနေခဲ့သည်။

 အဆိုပါ ပိတ်မိနေသော အလုပ်သမားများကို ကယ်ထုတ်ရန် စက်ကိရိယာအကူအညီများဖြင့် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရဘဲ ရှိနေခဲ့သည်။

 

ပြီးခဲ့သည့် ရက်များအထိ အလုပ်သမားများ ရှိနေသော နေရာသို့ ကျောက်တောင်ကို ဖောက်၍ လွန်ဖြင့်တူးရာ မြေကြီးများ ထပ်မံပြိုကျသဖြင့် လက်လျှော့ခဲ့ရသည်။

 

 ​လှိုဏ်ခေါင်းအတွင်းရှိ ပိတ်မိနေသော အလုပ်သမားများအား တစ်ဦးချင်း ကယ်ထုတ်နိုင်ရန် (၇၅)ပေ အရှည်ရှိ သံမဏိပိုက်လုံးကို ထိုးသွင်းခဲ့စဉ် သံမဏိယက်မများ ထပ်မံပြိုကျ၍ ရှေ့မတိုးနိုင်ဘဲ ရှိနေစဉ် စက်ကိရိယာအကူအညီ မသုံးတော့ဘဲ မိုင်းလုပ်သားတို့​၏ နည်းစနစ်အတိုင် လူ​၏ လုပ်အားဖြင့် ကျောက်သားများကို တူးထုတ်ခဲ့ရာ နိုဝင်ဘာ၂၈ ရက်နေ့တွင် ပိတ်မိနေသော အလုပ်သမားအားလုံးကို အသက်ရှင်လျှက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။



 

မြေအောက် ဥမင်လှိုဏ်ခေါင်းအတွင်း ပိတ်မိနေသော အလုပ်သား ၄၁ ဦးလုံးကို အောင်မြင်စွာ ကယ်တင်နိုင်လိုက်၍ အလွန်ပင် စိတ်သက်သာရခဲ့ကြောင်း အိန္ဒိယကုန်းလမ်းပို့ဆောင်ရေးဝန်ကြီး နီတင် ဂက်ကာရီ က ပြောကြားခဲ့သည်။

 

" စီလ်ကြာရာ လှိုဏ်ခေါင်းပြိုကျမှုမှာ ပိတ်မိနေတဲ့ အလုပ်သမား ၄၁ဦးလုံးကို အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့လို့ ကျွန်တော် လုံးဝကို စိတ်သက်သာရာရပြီး ပျော်ရွှင်မိပါတယ်" " ဒါဟာ အဖွဲ့အစည်း ပေါင်းစုံရဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုရလဒ်တစ်ခုပါ။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အထူးခြားဆုံး အပြောင်မြောက်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ကြတယ်" ဟု နီတင် ဂက်ကာရီက ကြေညာချက်တွင် ဖော်ပြထားသည်။

 

လှိုဏ်ခေါင်းအပြင်ဘက်တွင် မီးရောင်များ တဖျတ်ဖျတ်လင်းလက်နေသော အရေးပေါ် လူနာတင်ကားများ နှင့်အတူ စောင့်ဆိုင်းနေသော လူအုပ်ကြီးက လက်ခုပ်လက်ဝါးတီး၍ လှိုဏ်ခေါင်းထဲမှ ထွက်လာသော အလုပ်သမားများကို ကြိုဆိုခဲ့ကြသည်။

 

လှိုဏ်ခေါင်းထဲမှ ပြန်ထွက်လာကြသော အလုပ်သမားများကို အဝါရောင်ပန်းကုံးများ စွပ်၍ တာဝန်ရှိသူများက ကြိုဆိုနေပုံကို အစိုးရက ထုတ်ပြန်သော သတင်းများတွင် မြင်တွေ့ရသည်။

အရှည် သုံးမိုင် နီးပါးမျှ ရှိပြီး အိန္ဒိယမြောက်ပိုင်း ဆီလ်ကြာရာ နှင့် ဒန်ဒယ်လ်ဂါအွန် တို့ကို ဆက်သွယ်ထားသည့် မြေအောက် ဥမင်လှိုဏ်ခေါင်းလမ်းကို ဖောက်လုပ်နေစဉ် နိုဝင်ဘာလ (၁၂)ရက်က လှိုဏ်ခေါင်း​၏ ပေ ၆၀၀ ခန့် ရုတ်တရက်ပြိုကျကာ အတွင်းတွင် ဆောက်လုပ်ရေးလပ်သား (၄၁)ဦး ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

 

NN-27

ref: AFP/can

ဆက်စပ် သတင်းများ