စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အမေရိကန် ဝါရင့်ထိပ်တန်းသံတမန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျား အသက်(၁၀၀)တွင် ကွယ်လွန်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 913

အမေရိကန်နိုင်ငံ၏ ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားသည် နိုဝင်ဘာလ (၃၀)ရက်နေ့က နေအိမ်တွင် ကွယ်လွန်သွားပြီဟု သိရှိရသည်။ ဟင်နရီ ကစ်ဆင်းဂျားသည် ကွယ်လွန်ချိန်တွင် အသက်(၁၀၀) ရှိပြီဖြစ်သည်။

 

သူသည် သမ္မတ နစ်ဆင် နှင့် ဖို့ဒ် လက်ထက်များတွင် ထိပ်တန်းသံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။

 

ကွန်နက်တီကတ်နေအိမ်တွင် ကစ်ဆင်းဂျား ကွယ်လွန်သွားပြီဖြစ်ကြောင်း သူတည်ထောင်ခဲ့သည့် ကစ်ဆင်းဂျားနိုင်ငံရေးအကြံပေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။ ဆယ်စုနှစ်များစွာ ရှည်ကြာသော တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ကစ်ဆင်ဂျာသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ အဓိကအခန်းကဏ္ဌမှ ပါဝင်ခဲ့သူဖြစ်သည်။

 

ကစ်ဆင်ဂျာကို ၁၉၂၃ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ မွေးဖွားခဲ့ပြီး ၁၉၃၈ခုနှစ်တွင် နာဇီတို့၏ လက်အောက်မှ ထွက်ပြေးလွတ်မြောက်ကာ အမေရိကန်သို့ မိသားစုနှင့်အတူ ရောက်ရှိလာသူဖြစ်သည်။

 

 ၁၉၄၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပြီး အမေရိကန်စစ်တပ်တွင် သုံးနှစ်ကြာ စစ်မှုထမ်းခဲ့သည်။ ဟားဗတ်တက္ကသိုလ်မှ ဘွဲ့လွန်မာစတာ နှင့် ဒေါက်တာဘွဲ့ Phd ရရှိပြီးနောက် နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်ကို ဟားဗတ်တက္ကသိုလ်တွင်ပင် သင်ကြားပို့ချခဲ့သည်။

 

 ၁၉၆၉ ခုနှစ်တွင် သမ္မတ နစ်ဆင်က သူ့အား အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ရာ အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် အရေးပါသူဖြစ်ခဲ့သည်။ သမ္မတနစ်ဆင် နှင့် ဂျာရယ်ဖို့ဒ်တို့ လက်ထက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကစ်ဆင်ဂျားသည် တရုတ်နိုင်ငံနှင့် သံတမန်ပြန်လည်ဆက်ဆံရေးရရှိအောင် ဦးဆောင်နိုင်ခဲ့ပြီး ၁၉၇၃ ခုနှစ်၊ အစ္စရေး-အာရပ် ယုန်ကစ်ပူးစစ်ပွဲ ပြီးဆုံးရေးအတွက် ကြားဝင်စေ့စပ်ပေးခဲ့သလို ဗီယက်နမ်စစ်ပွဲ ပြီးဆုံးရေး ပဲရစ် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရာတွင် ပါဝင်ခဲ့သူဖြစ်သည်။

 

၁၉၇၃ ခုနှစ်တွင် ဗီယက်နမ်ခေါင်းဆောင် လီဒတ်သိုနှင့်အတူ ငြိမ်းချမ်းရေး နိုဗယ်ဆု ပူးတွဲ ရရှိခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးနိုဗယ်ဆုကို လီဒတ်သိုက လက်ခံဘဲ ငြင်းပယ်ခဲ့သည်။

 

 ၁၉၇၇ ခုနှစ်တွင် အစိုးရတာဝန်များမှ အနားယူခဲ့သော်လည်း ကစ်ဆင်ဂျား၏ လူထုရေးရာ ဝေဖန်သုံးသပ်ချက်များ နှင့် မူဝါဒဆိုင်ရာ အကြံပေးချက်များကို နောက်ပိုင်း အစိုးရများနှင့် ဥပဒေပြုအဖွဲ့များအထိ တလေးတစား ရယူခဲ့ကြသည်။

 

အဖွဲ့အစည်းမျိုးစုံတွင် အကြံပေးအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားရေးမူဝါဒ နှင့် လုံခြုံရေးဆိုင်ရာများအဓိကဟောပြောကာ စာအုပ် ၂၁အုပ် ရေးသားထုတ်ဝေခဲ့သည်။ ပြီးခဲ့သည့် မေလက အသက် (၁၀၀) ပြည့်ခဲ့သော ကစ်ဆင်ဂျာသည် ဇူလိုင်လက တရုတ်နိုင်ငံသို့ သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံခဲ့သေးသည်။ NN-27

 

ref: AFP/BBCWorld

ဆက်စပ် သတင်းများ