အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ၌ ခရီးသည်တင် နှစ်ထပ်ဘတ်စ်ကားတစ်စီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး တိမ်းမှောက် ခရီးသည် (၁၄)ဦး သေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 799

ထိုင်းနိုင်ငံတောင်ပိုင်း ပရာချွပ် ခီရီ ခန် ပြည်နယ်တွင် တနင်္လာနေ့ညပိုင်းက ခရီးသည်တင် နှစ်ထပ်ဘတ်စ်ကားတစ်စီး လမ်းဘေးသစ်ပင်ကို တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၂ ဦး သေဆုံးပြီး ၃၂ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

အွန်လိုင်းပေါ်တွင် မြင်တွေ့ရသော ဓါတ်ပုံများအရ တုံးလုံးလဲကျနေသော ဘတ်စ်ကား နှင့် သစ်ပင်နှင့်တိုက်မိပြီးနောက် နှစ်ခြမ်းကွဲနေသော ဦးခေါင်းပိုင်းကို မြင်တွေ့ကြရသည်။

ယာဉ်တိမ်းမှောက်ရသည့်အကြောင်းအရင်းမှန်ကို အတည်မပြုနိုင်သေးသော်လည်း ရဲများ၏ အဆိုအရ ယာဉ်မောင်းသည် အိပ်ရေးလုံလောက်မှုရှိပုံမရဟု အေအက်ပီသတင်းတွင် ဖော်ပြထားသည်။

ယာဉ်မောင်းသည် ဒဏ်ရာပြင်းထန်စွာရရှိသော်လည်း အသက်မသေဟု သိရသည်။ အာဏာပိုင်များက ယာဉ်မောင်း၏ သွေးတွင်းအယ်လ်ကိုဟော ပါဝင်မှု ပမာဏကို စစ်ဆေးလျှက်ရှိသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများ၏ အချက်အလက်များကို ရဲများက စုံစမ်းနေဆဲ ဖြစ်သည်ဟုသိရသည်။ ထိုင်းတောင်ပိုင်းရှိ ပရာချွပ် ခီရီ ခန် ပြည်နယ်သည် လှပသော ပင်လယ် ကမ်းခြေ၊ ဂူများ နှင့် တောင်တက်လေ့ကျင့်ခန်းပြုလုပ်နိုင်ခြင်းကြောင့် ကမ္ဘာလှည့် ခရီးသည်များအကြား ထင်ရှားသည်။ လမ်းဘေးသစ်ပင်အား အရှိန်ဖြင့် ဝင်တိုက်သဖြင့် ဘတ်စ်ကားခေါင်းပိုင်း နှစ်ခြမ်းကွဲသွားပြီး သစ်ပင်အစိတ်အပိုင်းများ ကားထဲဝင်နေသည်ကို တွေ့ရသည်။

ဘတ်စ်ကားအတွင်းမှ ဒဏ်ရာရသူများ နှင့် သေဆုံးသူများကို နာရီအတန်ကြာအောင် ဆွဲထုတ်ခဲ့ရသည်ဟု ကယ်ဆယ်ရေးတွင် ပါဝင်သည့် ဆာဝမ်း ပရာချွပ် ဓမ္မဆာထန်ဖောင်ဒေးရှင်း က ပြောကြားသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် မော်တော်ယာဉ် မတော်တဆဖြစ်မှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ထောင်ပေါင်းများစွာ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်းမှာပင် ထိုင်းနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ လူပေါင်း ၁၅၀၀၀ ရှိသည်ဟု သိရသည်။ NN-27

ref:BBCWorld

ဆက်စပ် သတင်းများ