ကုလသမဂ္ဂပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့ ( UNESCO ) သည် ထိုင်းရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော် “ ဆွန်ခရမ်ပွဲတော်”ကို ထိုင်းနိုင်ငံ၏ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ( IntangibleCultural Heritage) ပွဲတော်အဖြစ် တရားဝင်အတည်ပြု သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဘော့ဆွာနာနိုင်ငံ၌ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေး အစိုးရများဆိုင်ရာကော်မတီအစည်းအဝေးက တရားဝင်အတည်ပြု ကြေညာလိုက်ခြင်းဖြစ်သည်။
ဆွန်ခရမ်နှစ်သစ်ကူးပွဲတော်အား ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်အဖြစ်ယူနက်စကိုသို့ အမည်စာရင်း တင်သွင်း လျှောက်ထားမှုကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာလက်ထက် ၂၀၂၀ ခုနှစ်တွင်ပြုလုပ်ခဲ့သည်ဟု သိ၇သည်။
လက်ရှိဝန်ကြီးချုပ်ဆာရက်ထာ ထာ့ဝီဆင်ကလည်း ယခုကဲ့သို့ အသိအမှတ်ပြုခံ၇အောင် ကြိုးပမ်းခဲ့ကြသူများကိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဆွန်ခရမ်ပွဲတော်သည်မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းသယ်ဆောင်လာသော ရှေးရိုးစဉ်လာပွဲတော်ဖြစ်ပြီးအစဉ်အဆက်လူကြီးမိဘများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့အသိအမှတ်ပြုခြင်းနှင့်ညီညွတ်မှုကို ပြသသောပွဲတော်ဖြစ်ကြောင်း၊ ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူမစ္စတာချိုင်းက ပြောကြားခဲ့သည်။
ထိုင်းရိုးရာဆွန်ခရမ် ပွဲတော်ကို နှစ်စဉ် ဧပြီလ (၁၃)ရက်မှ (၁၅)ရက်အထိကျင်းပပြီးရဟန်းသံဃာများအား ဆွမ်းလောင်းလှူခြင်း၊ သက်ကြီးရွယ်အိုများ၏လက်ဖဝါအား ရေလောင်းပေးခြင်း၊ ယဉ်ကျေးမှုကပွဲများကျင်းခြင်း၊လူအများက တစ်ဦးနှင့်တစ်ဦး ရေလောင်းခြင်း စသည်တို့ပြုလုပ်ကြသည်။
မြန်မာတို့၏ရိုးရာသင်္ကြန်ပွဲတော်နှင့် တစ်ထပ်တည်းတူညီသော ဆွန်ခရမ် ပွဲတော်အားယူနက်စကိုက ထိုင်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်အဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက်ဆွန်ခရမ်ပွဲတော်ထက် ပိုမိုရှေးကျပြီး ပုဂံခေတ်ကတည်းကစတင်လာခဲ့သည့် မြန်မာ့ရိုးရာသင်္ကြန်၏ ယဉ်ကျေးမှုပုံရိပ်နှင့်တန်ဖိုးကို ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သည်ဟု မြန်မာ့ယဉ်ကျေးမှုမြတ်နိုးသူများက ဝေဖန်သုံးသပ်လျှက်ရှိနေသည်။
NN-27
ref: Bangkok Post