စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ဂါဇာကို အတားအဆီးမဲ့ ဗုံးကြဲတိုက်ခိုက်နေသည့် အစ္စရေးကို အမေရိကန်သမ္မတ ဘိုင်ဒင်သတိပေး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ယခုလုပ်ရပ်ကြောင့် တစ်ကမ္ဘာလုံး​၏ ဆန့်ကျင်မှု နှင့် ရင်ဆိုင်ရလိမ့်မည်ဟုဆို

ဂါဇာဒေသကို မီးကုန်ယမ်းကုန် ဗုံးကြဲတိုက်ခိုက်နေသည့် အစ္စရေးအား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးစကားပြောကြားလိုက်ပြီး ယခုလို အကန့်အသတ်မဲ့ တိုက်ခိုက်နေမှုများကြောင့် ကမ္ဘာ့နိုင်ငံများ​၏ ကန့်ကွက်မှု နှင့် ရင်ဆိုင်ရလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အား ဒီဇင်ဘာ ၁၂ ရက်နေ့က ပြောကြားလိုက်သည်။

 

လက်ရှိဖြစ်ပွားနေသော အစ္စရေး​၏ ဂါဇာစစ်ပွဲကို အမေရိကန်က အဓိက ထောက်ခံအားပေး နေသော်လည်း အစ္စရေးတပ်များ​၏ အစွမ်းကုန် မရပ်မနား ဗုံးကြဲတိုက်ခိုက်နေမှုများက ၎င်းအပေါ် ကမ္ဘာ့နိုင်ငံများ​၏ ထောက်ခံမှုများ ဆုံးရှုံးသွားနိုင်ပြီး နေတန်ယာဟုအနေဖြင့် ပါလက်စတိုင်းများ အပေါ်ထားရှိသည့် သူ​၏ နိုင်ငံနှစ်ခု သဘောထားကို ပြောင်းလဲသင့်ပြီဟု ဘိုင်ဒင်က ရွေးကောက်ပွဲ အလှုရှင်များနှင့်တွေ့ဆုံသည့်အခမ်းအနား၌ ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း သူ နှင့် ဂျိုးဘိုင်ဒင်အကြား စစ်ပွဲအလွန် ဂါဇာဒေသအရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု ဆိုသည်။

 

 "ဟားမတ်စ်တွေက အစ္စရေးတိုက်ခိုက်မှုအပြီးမှာ ကမ္ဘာ့နိုင်ငံအများစုက အစ္စရေးဘက်က ထောက်ခံရပ်တည်ခဲ့ကြတယ်။ ဒါပေမယ့် အခုလက်ရှိ ဂါဇာကို အတားအဆီးမရှိ ဗုံးကြဲ တိုက်ခိုက်နေတဲ့အခြေအနေမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ခံမှုတွေကို အစ္စရေး စတင်လက်လွှတ် ဆုံးရှုံးနေရပြီဖြစ်တယ်" ဟု သမ္မတ ဘိုင်ဒင်က ပြောကြားခဲ့သည်။

 

ဂါဇာရှိ ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာန​၏ အဆိုအရ အစ္စရေး​၏ ဂါဇာဒေသအား လက်တုန့်ပြန် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် သေဆုံးရသူဦးရေမှာ စုစုပေါင်း ၁၈၄၀၀ ရှိပြီး အများစုမှာ အရပ်သားများဖြစ်သည်ဟု သိရသည်။ သမ္မတဘိုင်ဒင်သည် ယခင်က အစ္စရေး​၏ ဗုံးကြ တိုက်ခိုက်မှုများနှင့်ပတ်သက်၍" မီးကုန်ယမ်းကုန် အညှာအတာမဲ့ " ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်းမရှိဘဲ ရှောင်ရှားခဲ့သည်။

 

အင်္ဂါနေ့ညနေပိုင်းသတင်းစာရှင်းလင်းပွဲတွင်မူ ဘိုင်ဒင်က အမေရိကန်သည် အောက်တိုဘာလ-၇ ရက် ဟားမတ်စ်တို့​၏ ရက်စက်သော တိုက်ခိုက်မှုတွင် အစ္စရေးတို့ဘက်က ထောက်ခံရပ်တည်ခဲ့ကြောင်း၊ သို့သော် အပြစ်မဲ့ ပါလက်စတိုင်း ပြည်သူတို့​၏ လုံခြုံရေးမှာစိုးရိမ်စရာဖြစ်လာကြောင်း လေသံလျှော့၍ ပြောကြားခဲ့သည်။



 နေတန်ယာဟု နှင့် ဘိုင်ဒင်ကြား စစ်ပွဲနှင့်ပတ်သက်၍ သဘောထားကွဲမှု ရှိခဲ့ပြီး ဘိုင်ဒင်က ၂၀၁၊ စက်တင်ဘာ ၁၁ရက်၊ နယူးယောက် တိုက်ခိုက်ခံရအပြီး အမေရိကန်ပြည်ထောင်စု​၏ မှားယွင်းမှုများကို နေတန်ယာဟုအား ပြောပြခဲ့သည်။

 

" သူဟာ မိတ်ဆွေကောင်းတစ်ဦးပါ။ ဒါပေမယ့် သူ ပြောင်းလဲဖို့ လိုပါမယ်။ သူဦးဆောင်တဲ့ အစ္စရေးအစိုးရကလည်း သူ့ကို ပြောင်းလဲအောင်မလုပ်နိုင်ဘူး။ သူတို့က "နှစ်နိုင်ငံ" ဖြေရှင်းချက်ကို မလိုလားဘူး။ ဒီအစိုးရဟာ အစ္စရေးမှာ ရှေးရိုးစွဲအဆန်ဆုံး အစိုးရပဲ" ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

 

 ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံကလည်း ဂါဇာကမ်းမြောင် ဒေသတွင် လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ရန် တစ်ညီ တညွတ်တည်း တောင်းဆိုခဲ့ကြသည်။ ဂါဇာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်း တစ်နေ့တခြား ဆိုးရွားလာခဲ့ပြီးနောက် "လူသားချင်းစာနာမှု အပစ်အခတ်ရပ်စဲရေး" ကုလသမဂ္ဂ အထွေထွေညီလာခံကို ကျင်းပခဲ့ရာ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၅၃ နိုင်ငံက ထောက်ခံခဲ့ပြီး ၂၃ နိုင်ငံက ကြားနေကာ အမေရိကန် နှင့် အစ္စရေးက အပစ်အခတ်ရပ်စဲရေးသည် ဟားမတ်စ်တို့ အတွက်သာ အကျိုးရှိစေမည်ဟုဆိုကာ အခြားသော ရှစ်နိုင်ငံနှင့်အတူ ကန့်ကွက်ဆန္ဒမဲပေးခဲ့ကြသည်။

 

 ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ စည်းနှောင်မှုမပါသည့်အတွက် အာဏာသက်ရောက်မှု မရှိသော်လည်း နိုင်ငံရေးအင်အားပမာဏကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သည့်အပတ်ကလည်း အဆိုပါ "လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" အဆိုကိုပင် အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီအစည်းအဝေး၌ ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။ NN-27

ref: can

ဆက်စပ် သတင်းများ