စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စုပြည်နယ်တွင် ငလျင်လှုပ် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး အဆောက်အဦးများ ပြိုကျပျက်စီး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 533

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စုပြည်နယ်တွင် တနင်္လာနေ့ ညဉ့်သန်းခေါင်ယံအချိန်၌ အင်အား ၆ ဒသမ ၂ မဂ္ဂနီကျု ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူနေအဆောက်အဦးများ ပြိုကျ ပျက်စီးကာ ကနဦးသတင်းများအရ လူပေါင်း ၁၁၆ ဦး သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု CCTV သတင်းဌာနက ထုတ်ပြန်ကြေညာသည်။

ငလျင်လှုပ်ခတ်ခဲ့သော ဗဟိုချက်မှာ ဂန်စုပြည်နယ်မြို့တော် လန်ကျို့မှ အနောက်တောင်ဘက် မိုင် ၇၀ အကွာတွင်ဖြစ်ပြီး မြေအောက်အနက် ၇ မိုင်တွင် လှုပ်ခတ်သဖြင့် အပျက်အစီးများပြားခဲ့သည်ဟု ဆိုသည်။ ရေခဲမှတ်အောက်ရောက်သည်အထိ အေးစက်နေသော ရာသီဥတုအောက်တွင် ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ ရဲများ နှင့် စစ်သားများက အသက်ရှင်ကျန်နေသူများကို အပူတပြင်း ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ ငလျင်ဒဏ် အဓိက ခံစားရသော ကျိရှိရှန်ဒေသတွင် လျှပ်စစ်မီး နှင့် ရေများ ပြတ်တောက်သွားပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ကြသူတို့မှာ အနုတ် ၁၃ ဒီဂရီအထိ ရှိသော အအေးဒဏ်ကို ခံစားကြရသည်။


တရုတ်နိုင်ငံမြောက်ပိုင်းရှိ ရှန်ဇီ၊ ဟေဘိုင်း၊ လျောင်နင်းပြည်နယ်များတွင် ယခုရက်ပိုင်းအတွင်း နေ့အပူချိန် ရုတ်တရက်ထိုးကျသွားပြီး ရေခဲမှတ်အောက်ရောက်သည်အထိ အေးစက်လျှက်ရှိသည်။

တရုတ်နိုင်ငံသည် ငလျင်ဒဏ်ကို မကြာခဏခံစားရလေ့ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လက တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် အင်အား ၅ ဒသမ ၄ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခဲ့ပြီး လူ ၂၃ ဦးသေဆုံးခဲ့သလို ၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း စီချွမ်ပြည်နယ်တွင် ၆ ဒသမ ၆ မဂ္ဂနီကျု အင်အားရှိ ငလျင်လှုပ်သဖြင့် လူပေါင်း နီးပါးသေဆုံးခဲ့သည်။

အဆိုးရွားလှုပ်ခဲ့သော ငလျင်မှာ ၂၀၀၈ ခုနှစ်က လှုပ်ခဲ့သော အင်အား ၇ ဒသမ ၉ မဂ္ဂနီကျုရှိ ငလျင်ဖြစ်ပြီး လူပေါင်း ၈၇၀၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်ဟု သိရှိရသည်။

NN-27

 ref: BBCworld/ cna

ဆက်စပ် သတင်းများ