ဆီးရီးယားနိုင်ငံတွင်အစ္စရေးတို့၏ ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်း စစ်ဗိုလ်ချုပ်တစ်ဦး တနင်္လာနေ့ကကျဆုံးသွားကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ကပြောကြားလိုက်သည်။
၎င်းတိုက်ခိုက်မှုအတွက် အစ္စရေးတို့ တန်ဖိုးကြီးကြီးပြန်လည်ပေးဆပ်၇လိမ့်မည်ဟုပြောဆိုလိုက်သည်။
အီရန်နိုငံပိုင်သတင်းဌာနကလည်းထိပ်တန်းစစ်ဗိုလ်ချုပ် ရာဇီ မော့ဆာဗီ သေဆုံးကြောင်းထုတ်ပြန်ကြေညာခဲ့ပြီး သူသည် အီရန် ကွဒ်တပ်ဖွဲ့တွင် ဝါရင့်စစ်အကြံပေးတစ်ဦးဖြစ်သည်ဟုကြေညာခဲ့သည်။
အီရန်ကွဒ်တပ်ဖွဲ့( Quds Force)သည်အစ္စလာမ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြည်ပအင်အားစုဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍အစ္စရေးတို့ဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိသော်လည်းအဓိကရန်သူ အီရန်အား ဆီးရီးယားတွင် အင်အားချဲ့ထွင်ခြင်းမပြုရန် ယခင်က အကြိမ်ကြိမ်သတိပေးထားခဲ့ပြီးဖြစ်သည်ဟု သိရှိ၇သည်။
အီရန်သမ္မတအီဗရာဟင် ရိုင်စီက ဗိုလ်ချုပ်မော့ဆာဗီ သေဆုံးခြင်းအတွင်း ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီးအစ္စရေးကို အကောင်းဆုံးလက်တုန့်ပြန်သွားမည်ဟုပြောဆိုခဲ့သည်။
ဇီယွန်စစ်အုပ်စု၏တိုက်ခိုက်မှုကြောင့်ဗိုလ်ချုပ် မော့ဆာဗီသည် ဒမတ်စကတ်အနီးရှိဇိုင်နာဘီယာ့ ခရိုင်တွင် သေဆုံးခဲ့၇ကြောင်း၊ သူသည် ဆီးရီးယားတော်လှန်ရေးတပ်ဖွဲ့များအတွက်ထောက်ပို့ကူညီမှုများကို တက်ကြွစွာ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်းအီရန်နိုင်ငံပိုင် IRNA သတင်းဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။
အီရန်တော်လှန်ရေးအစောင့်တပ်၏ထုတ်ပြန်ချက်တွင် ဗိုလ်ချုပ် မော်ဆာဗီသည် အစ္စရေးတို့၏ဒုံးပျံပစ်ခတ် တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့၇သည်ဟု ဖော်ပြထားသည်။
ဗိုလ်ချုပ်မော်ဆာဗီသည် ၂၀၂၀ ပြည့်နှစ်က အီရတ်နိုင်ငံတွင် အမေရိကန်တို့၏ ဒရုန်းလက်ချက်ဖြင့် သေဆုံးခဲ့ရသော အီရန် ကွဒ် စစ်ဦးစီးချုပ်ဗိုလ်ချုပ် ကက်ဆန် ဆိုလေမန်နီ ၏အနီးကပ် ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မော်ဆာဗီအား ပစ်မှတ်ထားပြီး အစ္စရေးက ဒုံးကျည်သုံးစင်းဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် ပစ်ခတ်ခဲ့သည့် နေရာမှ ထွက်ပေါ်လာသည့် မီးခိုးလုံးများကိုအီရန်ရုပ်သံက ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံတွင်ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၁ခုနှစ်မှ စ၍ နိုင်ငံမြောက်ပိုင်းနှင့်နယ်မြေချင်း ထိစပ်နေသည့် ဆီးရီယားရှိ အီရန်ထောက်ခံအားပေးနေသောတပ်ဖွဲ့များနှင့် ဟစ်ဇ်ဘိုလာ တပ်များကို အစ္စရေးက လေကြောင်းမှအကြိမ်ရေ ရာချီ၍ ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။
NN-27
Ref: the daily star.