သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဂျပန်ငလျင် ဆူနာမီရေလှိုင်း အန္တရာယ်ဖြစ်ပေါ်နိုင်ခြေမရှိတော့ဟု အမေရိကန်ဆူနာမီသတိပေးဌာနက ထုတ်ပြန်ကြေညာ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 380

ဂျပန်နိုင်ငံအလယ်ပိုင်း အီရှီကာဝါခရိုင်တွင် ဇန်နဝါရီလ ၁ ရက်နေ့က အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ လျှပ်စစ် ဓါတ်အားလိုင်းများပြတ်တောက်ခြင်း၊ မော်တော်ကားလမ်းများ အက်ကွဲခြင်း၊ ရထားလမ်းများပြတ်တောက်ခြင်းနှင့်အတူ နေအိမ် အဆောက်ဦးများ ပြိုကျခြင်းများ ဖြစ်ပေါ်ပြီး ကမ်းခြေတစ်လျှောက်နေထိုင်သူများအား ဆူနာမီရေလှိုင်းအန္တရာယ် ကျရောက်နိုင်သဖြင့် အမြန်ရွှေ့ပြောင်းကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်ကြောင့် ဂျပန်အနောက်ဘက် ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် ၃ ပေအမြင့်ရှိ ဆူနာမီလှိုင်းငယ်ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ် ကြီးမားသော ဆူနာမီလှိုင်းကျရောက်နိုင်ကြောင်း အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

သို့သော် ငလျင်လှုပ်ပြီး နာရီအတန်ကြာတွင် ဆူနာမီရေလှိုင်းအန္တရာယ် မကျရောက်နိုင်တော့ကြောင်း ဟာဝိုင်ယီရှိ အမေရိကန် ဆူနာမီ သတိပေးစင်တာက ထုတ်ပြန်ကြေညာခဲ့သည်။

ပြင်းအားမြင့် ငလျင်လှုပ်ပြီးလျှင်ပြီးချင်း ဂျပန်မိုးလေဝသအေဂျင်စီက အီရှီကာဝါ၊ နီယာဂါတ၊ တိုယာမ ခရိုင်များတွင် ဆူနာမီအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အလားတူ ရုရှား နှင့် မြောက်ကိုးရီးယားတို့ကလည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူယိုရှီမာယာ ဟာယာရှီ က နေအိမ်အများအပြား ပျက်စီးပြီး အချို့နေရာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်စစ်တပ်က ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း ဒေသခံများအား နောက်ထပ်ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်ထားကြရန်တိုက်တွန်းခဲ့သည်။

" ဆူနာမီ၊  ပြောင်းရွှေ့ကြ" ဟု ရေးသားထားသော အဝါရောင်စာတမ်းများကို ငလျင်ဒဏ်ခံဒေသများရှိ ရုပ်မြင်သံကြားပေါ်တွင် အဆက်မပြတ် သတိပေးဖော်ပြနေသည်ကိုမြင်တွေ့ကြရသည်။

ဂျပန်မိုးလေဝသအေဂျင်စီက ငလျင်ငယ်များ သုံးနှစ်ကြာအဆက်မပြတ် လှုပ်ခတ်နေသည့် အဆိုပါဒေသတွင် နောက်ထပ် ငလျင်ကြီးများ လှုပ်လာနိုင်ကြောင်း သတိပေးထားသည်။

ဒေသခံသတင်းမီဒီယာများ​၏ ဖော်ပြချက်အရ ဆူဇူမြို့တွင် အဆောက်အဦးများပြိုကျသဖြင့် ဖုန်လုံးကြီးများထွက်ပေါ်နေပုံများမြင်တွေ့ရပြီး ဝါဂျီးမားမြို့တွင် လမ်းမများအက်ကွဲကာ နေအိမ် ၃၀ ကျော်ပြိုကျခဲ့သည်။

ငလျင် အဓိက လှုပ်ခတ်ခဲ့သည့် ဂျပန်အနောက်ဘက်ကမ်း ဝါဂျီမားမှ မိုင်ပေါင်း လေးရာနီးပါးကွာဝေးသည့် တိုကျိုမြို့တော်တွင်လည်း ငလျင်ကြောင့် အဆောက်အဦးများ လှုပ်ယမ်းခဲ့သည်။

အီရှီကာဝါ နှင့် တိုယာမတွင် အဆောက်အဦး ၃၆၀၀၀ကျော် လျှပ်စစ်မီးပြတ်တောက်သွားပြီး အဆိုပါဒေသတွင် ညဘက်တွင် ရေခဲမှတ်အထိ အေးခဲနေသည်ဟု ဆိုသည်။

အဆိုပါဒေသသို့ပြေးဆွဲသော ရထားလိုင်း ၄၀ နှင့် မြန်နှုန်းမြင့်ရထားလိုင်း နှစ်လိုင်းကို ရပ်နားထားရပြီး အဝေးပြေးအမြန်ကားလမ်းမ ခြောက်ခုကိုလည်း ပိတ်ထားလိုက်ရသည်။

ဂျပန် နျူးကလီးယား စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ငလျင်လှုပ်ခတ်မှုကြောင့် ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ နျူးကလီးယားစက်ရုံများတွင် ပုံမှန်မဟုတ်သော ဖြစ်စဉ်များ မြင်တွေ့ရခြင်းမရှိဟု ဆိုသည်။

 NN-27 ref: cna

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!