တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဂျပန် နှစ်သစ်ကူးငလျင်ကြောင့် သေဆုံးရသူပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကာ လူပေါင်း ၂၁၁ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 451

ဂျပန်နိုင်ငံ နိုတိုကျွန်းဆွယ် နှင့် အနီးဝန်းကျင်တွင် ဇန်နဝါရီ ၁ရက် (နှစ်သစ်ကူးနေ့)က လှုပ်ခတ်သွားသော အလွန်ပြင်းထန်သည့် ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်သွားပြီဟု အာဏာပိုင်များက ဆိုသည်။

ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်သည် ဂျပန်ပင်လယ်ကမ်းခြေ အီရှီကာဝါမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး အခြေခံအဆောက်အဦးများ ပြိုကျပျက်စီးကာ မီးလောင်မှုများဖြစ်ပေါ်ခဲ့သည်။


အပျက်အစီးများကြောင့် လမ်းများပြတ်တောက်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများက ထိထိရောက်ရောက် မလုပ်ကိုင်နိုင်သလို အပျက်အစီးပမာဏ မည်မျှရှိမည်ကို မခန့်မှန်းနိုင်သေးဟု ဆိုသည်။

ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည့် ဝါဂျီးမားမြို့တွင် အဆောက်အဦး အပျက်အစီးများအောက် ပိတ်မိနေပြီး ကယ်ဆယ်ရေး စောင့်ဆိုင်းနေရသည့် နေရာပေါင်း ၁၀၀ ကျော်ရှိသည်ဟု တာဝန်ရှိသူများက ဆိုသည်။


စနေနေ့ မနက်ခင်းအထိ လူပေါင်း ၂၁၁ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက ဆီးနှင်းများကျပြီး မိုးရွာသွန်းနေသည့်ကြားက အသက်ရှင်ကျန်နေသူများ ကယ်ထုတ်နိုင်ရေး ကြိုးပမ်းနေကြသည်။

အီရှီကာဝါတွင် ဒုက္ခသည်စခန်း ၃၅၇ ခု၌ ခိုလှုံနေကြသည့် ငလျင်ဘေးဒုက္ခသည် ၃၁၀၀၀ အတွက် ကယ်ဆယ်ရေး အထောက်အကူပစ္စည်းများ ပေးပို့ရန်ကြိုးပမ်းမှုမှာလည်း လမ်းများပျက်စီးနေသဖြင့် အခက်အခဲကြုံနေရသည်ဟု ဆိုသည်။



ဒုက္ခသည်စခန်းအချို့တွင် သောက်သုံးရေမလုံလောက်သဖြင့် သန့်စင်ခန်းအိမ်သာများ ညစ်ညမ်းနေသည့် အတွက် ကျန်းမာရေးထိခိုက်နိုင်သည်ဟု ဆိုသည်။ နိုတိုကျွန်းဆွယ်တွင် ပြင်းအား ၅ ဒသမ ၃ မဂ္ဂနီကျု ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု စနေနေ့မနက်က ဆက်လက်လှုပ်ခတ်ခဲ့သည်ဟု သိရသည်။ ref:Bangkok Post /CAN

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!