တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အမေရိကန်လေကြောင်လိုင်း လေယာဉ်တစ်စီး ပျံသန်းနေစဉ် လေယာဉ်ပင်မ အစိတ်ပိုင်းတစ်ခု ပြုတ်ထွက်မှု ဖြစ်ပွါးပြီးနောက် ဘိုးအင်း ၇၃၇ မက်စ်-၉လေယာဉ်များပျံသန်းမှု ရပ်ဆိုင်း


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 886

အမေရိကန် လေကြောင်းအုပ်ချုပ်မှု ဗဟိုအဖွဲ့(FAA)သည် အလက်စကားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး ပျံသန်းနေစဉ် လေယာဉ်အစိတ်ပိုင်းတစ်ခု ပြုတ်ထွက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဘိုးအင်း 737 Max-9 ဂျက်လေယာဉ် ၁၇၁စီးကို ပျံသန်းမှုရပ်ဆိုင်းလိုက်သည်ဟု သိရှိရသည်။

ပြီးခဲ့သည့် သောကြာနေ့က အမေရိကန်နိုင်ငံ၊ အိုရီဂွန်ပြည်နယ်မှ ပျံသန်းလာသော Alaska Airlines အလက်စကားလေကြောင်းလိုင်းမှ လေယာဉ်သည် ပျံသန်းနေစဉ် လေယာဉ် အစိတ်အပိုင်းတစ်ခု  ပြုတ်ထွက်ခဲ့သဖြင့် အရေးပေါ်ဆင်းသက်မှု ပြုလုပ်ခဲ့ရသည်။

၎င်းပြင် အမေရိကန် ယူနိုက်တက်အဲယားလိုင်းကလည်း အက်ဖ်အေအေ ၏ ညွှန်ကြားချက်အရ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် Boeing 737 Max-9 လေယာဉ် ၇၉ စီးကို ပြေးဆွဲမှု ရပ်နားခဲ့သည်။

အမေရိကန်လေကြောင်းအုပ်ချုပ်မှုဗဟိုအဖွဲ့သည် အစောပိုင်းက အမေရိကန်လေကြောင်းလိုင်းများနှင့် အမေရိကန် နိုင်ငံအတွင်း ပျံသန်းနေသော Boeing 737 Max-9 လေယာဉ်အားလုံး ရပ်နားထားရန် ညွှန်ကြားခဲ့သည်။

ယခုကဲ့သို့ လေကြောင်းပျံသန်းမှု ရပ်နားလိုက်သဖြင့် ယူနိုက်တက်လေကြောင်းလိုင်းတွင် စနေနေ့က လေကြောင်း ခရီးစဉ် ဖျက်သိမ်းမှု ၆၀ အထိရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် သောကြာနေ့က အိုရီဂွန်ပြည်နယ်၊ ပို့တ်လန်းမှ ကယ်လီဖိုးနီးယားပြည်နယ် အွန်တာရီယို သို့ ပျံသန်းလာသည့် အလက်စကား လေကြောင်းလိုင်း လေယာဉ်သည် အမြင့်ပေ ၁၆၀၀၀ အရောက်တွင် အရေးပေါ်အခြေအနေကြုံတွေ့ရပြီး ပြန်လည်ဆင်းသက်ခဲ့ရသည်။

အဆိုပါလေယာဉ်တွင် ခရီးသည် ၁၇၇ ဦး လိုက်ပါလာပြီး ဘေးအန္တရာယ်ကင်းစွာ ပို့တ်လန်းလေဆိပ်သို့ ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။ လေယာဉ်၏ ပင်မအစိတ်အပိုင်း fuselage နေရာ အ​ပေါက်ကြီးမှတစ်ဆင့် အပြင်ဘက်တွင် ညကောင်းကင်ကို မြင်တွေ့ရပြီး လေယာဉ်တွင်း အမှိုက်သရိုက်များ တိုးဝှေ့ခုန်ပျံနေပုံ နှင့် အရေးပေါ် အောက်စီဂျင်ခွက်များကျဆင်းလာပုံများကို သတင်းရုပ်သံများတွင်း မြင်တွေ့ကြရသည်။ NN-27

ref:BBCWorld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!