တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချအပြီး အမေရိကန် နှင့် ဗြိတိန်က ယီမင်ရှိ ဟူသီသူပုန်များကို စစ်ရေးအရ အရေးယူတိုက်ခိုက်ရန်ပြင်ဆင်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 917

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသည့် ကုန်တင်သင်္ဘောများအား ဟူသီသူပုန်များက တိုက်ခိုက်နေမှုကို ချက်ချင်းရပ်ဆိုင်းရန် ဗုဒ္ဓဟူးနေ့က ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့သည်။


ထိုသို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချအပြီးမှာပင် အမေရိကန် နှင့် ဗြိတိန်တို့သည် ယီမင်ရှိ သူသီသူပုန်များကို စစ်ရေးအရတိုက်ခိုက်ရန် ပြင်ဆင်လျှက် ရှိသည်ဟု သိရသည်။

 

အမေရိကန်လေယာဉ်တင်သင်္ဘောမှ ဂျက်တိုက်လေယာဉ်များ နှင့် စစ်သင်္ဘောများသည် အင်္ဂါနေ့ညက ဟူသီတို့ ပစ်ခတ်လိုက်သည့် ဒရုန်း နှင့် ဒုံးကျည် ၂၁ စင်းကို ပစ်ချဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။

 

 ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဗုဒ္ဓဟူးနေ့က အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ဟူသီတို့​၏ တိုက်ခိုက်မှုများ ချက်ချင်းရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ချခဲ့သည်။

 

အဆိုပါဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် မိမိတို့​၏ သင်္ဘောများကို ကာကွယ်ပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားပြီး ဟူသီပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အယ်လ်ဟူသီ က ယခုဆုံးဖြတ်ချက်မှာ နိုင်ငံရေးကစားပွဲ တစ်ခုသာဖြစ်ပြီး ၎င်းတို့​၏ အဓိကပစ်မှတ်မှာ ဟားမတ်စ်နှင့် စစ်ဖြစ်နေသော အစ္စရေးနှင့် အဆက်အသွယ်ရှိသည့် သင်္ဘောများကိုသာ ဖြစ်သည်ဟုဆိုသည်။

 

အစောပိုင်းက အမေရိကန်နှင့် မဟာမိတ်များသည် ပင်လယ်နီအတွင်း ဟူသီတို့​၏ တိုက်ခိုက်မှုအတွက် နောက်ဆက်တွဲ အကျိုးကို ခံစားရမည်ဟု သတိပေးထားခဲ့သည်။

 

ယီမင်အား နောက်ထပ်တိုက်ခိုက်မှုပြုလုပ်မည်လားဟု မေးမြန်းရာတွင် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှက်ပ်က " စောင့်ကြည့်ပါ" ဟု ဖြေကြားခဲ့သည်။

 

 နိုင်ငံတကာ သင်္ဘောလုပ်ငန်း ဗဟိုအဖွဲ့​၏ ပြောဆိုချက်အရ ကမ္ဘာ့ကုန်တင်သင်္ဘောများ​၏ ၂၀ရာခိုင်နှုန်းမှာ ယခုအခါ ပင်လယ်နီကို ရှောင်ရှားပြီး ပိုမိုရှည်လျားသည့် တောင်အာဖရိကတိုက်အစွန်ဖျားကို ကွေ့ပတ်မောင်းနှင်နေရသည်ဟု ဆိုသည်။ ပြီးခဲ့သည့် အင်္ဂါနေ့က အမေရိကန်သင်္ဘောတစ်စီးကို ဟူသီတို့ တိုက်ခိုက်ခဲ့သည်။

 

ဟူသီတို့က အဆိုပါသင်္ဘောမှာ အစ္စရေးတို့အတွက် အထောက်အပံ့ပေးနေသည်ဟု ဆိုသည်။

 

အမေရိကန်စစ်တပ်​၏ ပြောကြားချက်အရ ဟူသီသူပုန်များသည် ယီမင်ရှိ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေမှတစ်ဆင့် အီရန်နိုင်ငံဒီဇိုင်းထုတ် တစ်ကြိမ်သုံး တိုက်ခိုက်ရေး ဒရုန်းများ၊ ခရုဇ်ဒုံးကျည်များ၊ တာဝေးပစ်ဒုံးပျံများဖြင့် အင်္ဂါနေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ (NN-27)

Ref:Reuters /BBC and Photo: UPI

ဆက်စပ် သတင်းများ