တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အီရတ်ရှိ အစ္စရေးထောက်လှမ်းရေး(မော့ဆက်) ဌာနချုပ်နှင့် ဆီးရီးယားရှိပစ်မှတ်များကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 657

အီရတ်နိုင်ငံ၊ ကာဒစ္စတန်ရှိ အစ္စရေးထောက်လှမ်းရေး(မော့ဆက်) ဌာနချုပ်ကို တနင်္လာနေ့ ညပိုင်းက အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။

ကာဒစ္စတန်မြို့တော် ကာဘီးလ် အရှေ့မြောက်ဘက်တွင် အခြေချထားသော အစ္စရေးမော့ဆက် ထောက်လှမ်းရေးစခန်းကို တာဝေးပစ် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ ဆီးရီးယားရှိ ပစ်မှတ်များကိုလည်း တိုက်ခိုက်ခဲ့ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC)က ထုတ်ပြန်ကြေညာခဲ့သည်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ဖြစ်ပွါးခဲ့သည့် အောက်တိုဘာလ ၇ ရက်နောက်ပိုင်း အီရန်နိုင်ငံက အစ္စရေးပစ်မှတ်များကို ပထမဦးဆုံးအကြိမ် လူသိရှင်ကြား တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုမှာ အီစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်များကို လုပ်ကြံ သတ်ဖြတ်ခဲ့သည့် အစ္စရေး၏လုပ်ရပ်ကို လက်တုန့်ပြန်ခြင်း ဖြစ်သည်ဟု အီရန်(IRGC)တပ်က ထုတ်ပြန်ကြေညာခဲ့သည်။


ဒုံးပျံပစ်ခတ်မှုကြောင့် ကာဒစ္စတန် ကာဘီလ်မြို့တွင် လူလေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရခဲ့သည်ဟု ကာဒစ္စတန်သတင်းဌာနက ဆိုသည်။

အစ္စရေးနိုင်ငံသည် အီရတ်နိုင်ငံရှိ ကာဒစ္စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မော့ဆက် ထောက်လှမ်းရေးဌာနတစ်ခုဖွင့်လှစ်ထားပြီး အီရန်နှင့်ဒေသတွင်း သတင်းများကို ရယူနေခဲ့သည်ဟု ဆိုသည်။

အီရန်ဒုံးကျည်ပစ်ခတ်မှုနှင့် ပတ်သက်၍ အမေရိကန်က အဆင်ခြင်မဲ့တိုက်ခိုက်မှု နှင့် အီရတ်၏ အချုပ်အခြာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

အလားတူ အီရတ်ဖယ်ဒရယ်အစိုးရကလည်း အီရန်၏ ကျူးကျော်မှုဟု ပြစ်တင်ရှုတ်ချခဲ့သည်။

အစ္စရေးတို့ဘက်က ယခုတိုက်ခိုက်မှုအပေါ် တစ်စုံတရာ ပြောဆိုခြင်းမရှိသေးပေ။

အစ္စရေး-ဟားမတ်စ် စစ်ပွဲသည် ယခုအခါ အီရတ်သို့ ပျံ့နှံ့လာပြီဖြစ်သည်။ အီရတ်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ အင်အား ၂၀၀၀ စခန်းချ နေထိုင်လျှက်ရှိရာ အီရန်ထောက်ခံအားပေးသော စစ်သွေးကြွများက မကြာခဏ လာရောက်တိုက်ခိုက်လျှက်ရှိသည်။


အီရန်နိုင်ငံသည် ၂၀၀၂ခုနှစ်ကတည်းက အီရတ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကာဒစ္စတန်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခဲသည်

ကာဒစ္စတန်ခွဲထွက်ရေးအုပ်စုများသည် ပြည်ပတပ်များနှင့် ပူးပေါင်းကာ အီရန်လုံခြုံရေးကို ထိပါးနေခဲ့သည်ဟု ဆိုသည်။

အီရန် အစ္စလာမ်မစ်တော်လှန်ရေးတပ် (IRGC) သည် ဆီးရီးယာရှိ ISIS ခြေကုပ်စခန်း ပစ်မှတ်များကိုလည်း တင်္နလာနေ့က တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါစခန်းများသည် ပြီးခဲ့သည့် ဇန်နဝါရီ-၃ ရက်က အီရန်နိုင်ငံ ကာမန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်နေပြီး အဆိုပါလုပ်ကြံတိုက်ခိုက်မှုတွင် လူပေါင်း၁၀၀ ကျော် သေဆုံးခဲ့ရသည်ဟု အီရန် သတင်းဌာန IRNA က ဆိုသည်။

 

NN-27

Ref:Bangkok post


ဆက်စပ် သတင်းများ