အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

လက်တုန့်ပြန်သည့်အနေဖြင့် ပါကစ္စတန်က အီရန်နယ်မြေအား ဒုံးကျည်ဖြင့် ပြန်လည်တိုက်ခိုက်၍ အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် ၉ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 631

ပြီးခဲ့သည့် နှစ်ရက်က အီရန်နိုင်ငံက ပါကစ္စတန်ရှိ အကြမ်းဖက်အုပ်စုပစ်မှတ်များအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ပါကစ္စတန်က အီရန်နယ်မြေအတွင်းကို ကြာသပတေးနေ့က ဒုံးပျံဖြင့် ပြန်လည်ပစ်ခတ်ရာ အမျိုးသမီး နှင့် ကလေးငယ် ၉ ဦး သေဆုံးသွားသည်ဟု သိရှိရသည်။

ယခုကဲ့သို့ ပါကစ္စတန်​၏ လက်တုန့်ပြန်တိုက်ခိုက်မှုကြောင့် အီရန် နှင့် ပါကစ္စတန်တို့အကြား တင်းမာမှုဖြစ်ပေါ်ခဲ့ပြီး အီရန်က တီဟီရန်ရှိ ပါကစ္စတန်သံအမတ်ကို ခေါ်ယူတွေ့ဆုံကာ သတိပေးခဲ့သည်ဟု သိရသည်။

အီရန် IRNA သတင်းဌာန​၏ ဖော်ပြချက်အရ ဆစ္စတန်-ဘလူချီစတန် ပြည်နယ်တွင် ပါကစ္စတန်တို့​၏ တိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ရာတွင် အမျိုးသမီး သုံးဦး နှင့် ကလေးငယ် လေးဦးပါဝင်သည်ဟုဆိုသည်။

ပါကစ္စတန်တို့​၏ တိုက်ခိုက်မှုမှာ လွန်ခဲ့သည့် နှစ်ရက်က အီရန်နိုင်ငံက ပါကစ္စတန်ရှိ အကြမ်းဖက်အုပ်စု ပစ်မှတ်များကို ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ကလေးနှစ်ဦးသေဆုံးခဲ့ရသည့်ဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အီရန် နှင့် နျူးကလီးယားလက်နက်ပိုင်ရှင် ပါကစ္စတန်တို့သည် ယခင်ကတည်းက အကြမ်းဖက် အုပ်စုများကို မိမိတို့နယ်မြေအတွင်း ခြေကုပ်ယူခွင့် ပြုထားသည့်အတွက် အပြန်အလှန်ပြစ်တင်မှုများ ရှိခဲ့သော်လည်း ယခုကဲသို့ နိုင်ငံချင်း စစ်ရေးထိတွေ့မှုမှာ မရှိသလောက်ဖြစ်သည်။

ဒရုန်းများ နှင့် ဒုံးကျည်များကို အသုံးပြု၍ ဘာလုချ် ခွဲထွက်ရေးလှုပ်ရှားမှုအဖွဲ့ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဆိုသည်။

ပါကစ္စတန်စစ်တပ်သည် အီရန်နှင့် ပါကစ္စတန်နယ်ခြားတစ်လျှောက် လှုပ်ရှားနေသော ခွဲထွက်ရေးလှုပ်ရှားမှု အကြမ်းဖက်အုပ်စုများကို ဆယ်စုနှစ်ချီ၍ တိုက်ခိုက်နေခဲ့သည်။

အီရန်နိုင်ငံက ယခုကဲ့သို့ ၎င်းတို့နယ်မြေအတွင်း ပါကစ္စတန်က လာရောက်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး အီရန်ရှိ ပါကစ္စတန် သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံကာ ရှင်းလင်းချက်ပေးရန် တောင်းဆိုခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာ ကာနာနီက ပြောသည်။

ပါကစ္စတန်က အီရန်နိုင်ငံ​၏ အချုပ်အခြာကို အပြည့်အဝ လေးစားကြောင်း၊ ယခုတိုက်ခိုက်မှုမှာ ပါကစ္စတန်​၏ ကိုယ်ပိုင်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန် မီဒီယာများ​၏ ဖော်ပြချက်အရ ပါကစ္စတန်တို့​၏ တိုက်ခိုက်မှုသည် ဆာရာဗန်မြို့အနီးရှိ ကျေးရွာကို ထိမှန်ခဲ့သည်ဟု ဆိုသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အေမာအဗ္ဗဒူလာဟီရန်က အီရန်​၏ ဒုံးပျံပစ်ခတ်မှုမှာ အီရန်နိုင်ငံအား အကြမ်းဖက်တိုက်ခိုက်နေသည့် ပါကစ္စတန်နိုင်ငံရှိ ဂျိုင်းရှ် အယ် အဒယ်( Jaish al-Adl )အဖွဲ့များကို လက်တုန့်ပြန်ခြင်းသာ ဖြစ်သည်ဟု အစောပိုင်းတွင် ပြောကြားခဲ့သည်။

၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ဂျိုင်းရှ် အယ်လ် အဒယ် အဖွဲ့သည် မကြာမီနှစ်များအတွင်း က အီရန်နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ၎င်းတို့အား အီရန်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည်။

ပါကစ္စတန်နိုင်ငံသည် မိမိ​၏ နယ်ခြားဒေသအား အီရန်က ဒုံးပျံဖြင့် တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အီရန်ရှိ ပါကစ္စတန်သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့သည်။

NN-27

 Ref: dhakatribune

ဆက်စပ် သတင်းများ