ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

မူးယစ်ဆေးဝါးမှောင်ခိုရောင်းချသူ ၉ဦးအား ဗီယက်နမ်တွင် သေဒဏ်ချမှတ်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 702

မူးယစ်ဆေးဝါး မှောင်ခိုရောင်းချသူ ၉ ဦးအား ဗီယက်နမ်တရားရုံးတစ်ခုက တင်္နလာနေ့တွင် သေဒဏ် ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည့်လများအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးမှောင်ခိုရောင်းချမှုများအနက် အကြီးမားဆုံး ဖြစ်သော အဆိုပါအမှုတွင် တရားခံ ၉ဦးစလုံး ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်လိုက်သည်ဟု ဗီယက်နမ်နိုင်ငံပိုင် သတင်း ဌာနက ကြေညာသည်။

၄င်းတို့အားလုံးသည် ၂၀၂၁ ခုနှစ်ကုန်မှ ၂၀၂၂ ခုနှစ်အတွင်း မက်သမ်ဖက်တမင်း နှင့် ဘိန်းဖြူ ၁၀၅ ကီလိုဂရမ်ကို လာအိုမှ ဗီယက်နမ်သို့ မှောင်ခိုသယ်ယူခဲ့ကြောင်း VN Express အွန်လိုင်းသတင်းစာက ဖော်ပြသည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု နှင့် ပတ်သက်၍ အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်သည့် နိုင်ငံတစ်ခုဖြစ်သည်။

မည်သူမဆို ဘိန်းဖြူ၊ မက်သမ်ဖက်တမင်း၊ ဆေးခြောက်၊ အမ်ဖက်တမင်း မူးယစ်ဆေးတစ်မျိုးမျိုးကို ဂရမ် ၁၀၀ လက်ဝယ်တွေ့ရှိရုံဖြင့် သေဒဏ်ပြစ်ဒဏ် ချမှတ်ခံရနိုင်သည်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုသည် ဗီယက်နမ်တွင် တိုးမြှင့်လာနေပြီး ပြီးခဲ့သည့် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၂၆၄၆၉ မှ သံသယရှိသူလူ​ပေါင်း ၄၁၄၀၀ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ဟိုချီမင်းတရားရုံးတစ်ခုက တောင်ကိုးရီးယားနိုင်ငံသား နှစ်ဦနှင့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် လူပေါင်း ၁၈ ဦးကို မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်မှုဖြင့် သေဒဏ် ချမှတ်ခဲ့သည်။ ၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်က မူးယစ်ဆေးဝါး ၂၁၆ ကီလိုဂရမ်ကို ကမ္ဘောဒီးယားမှ ဗီယက်နမ်သို့ သယ်ဆောင်ပြီး တောင်ကိုးရီးယားသို့ ဆက်လက်ပို့ဆောင်ရန်စီစဉ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပုံစာ- ဘိန်းဖြူ နှင့် မက်သမ်ဖက်တမင်း ၁၀၅ ကီလိုဂရမ် မှောင်ခိုရောင်းချမှုတွင် ဖမ်းဆီးခံခဲ့ရသည့် လူ ၉ ဦး အနက် ဂိုဏ်းခေါင်းဆောင် ထရန်သီမင်း(၅၆နှစ်)အား ပြီးခဲ့သည့် ဇွန်လက တရားရုံးတွင် တွေ့မြင်ရစဉ်။

 NN-27

Ref:BangkokPost

photo : vn express

ဆက်စပ် သတင်းများ