ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

စစ်သုံ့ပန်းများသယ်ဆောင်လာသည့် ရုရှားလေယာဉ် ပစ်ချခံရပြီး လေယာဉ်ပေါ်ပါလာသူ ၇၀ကျော်အားလုံးသေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 911

ယူကရိန်းစစ်သုံ့ပန်းများ သယ်ဆောင်လာသည့် ရုရှစစ်လေယာဉ်တစ်စီး ဇန်နဝါရီ ၂၄ ရက်နေ့က ရုရှားအနောက်ပိုင်းတွင် ပစ်ချခံရပြီး လေယာဉ်ပေါ်ပါလာသူအားလုံး သေဆုံးသွားကြောင်း ရုရှားစစ်တပ်က ကြေညာသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ်အရ ယူကရိန်စစ်သုံ့ပန်း ၆၅ ဦး၊ လေယာဉ်အမှုထမ်း ခြောက်ဦးနှင့် အစောင့်တပ်သား သုံးဦးတို့ကို သယ်ဆောင်လာသော IL76 ရုရှားစစ်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ရုရှားအနောက်ပိုင်း ဘယ်လ်ဂိုရော့ဒ် ဒေသတွင် ယူကရိန်းတို့၏ ပစ်ချခံရပြီး ပျက်ကျသွားကြောင်း နှင့် လေယာဉ်ပါလာသူအားလုံး သေဆုံးသွားကြောင်း သိရှိရသည်။

ဆိုရှယ်မီဒီယာများတွင် ဖော်ပြသော ဗီဒီယိုရုပ်သံများအရ ရုရှားအနောက်ပိုင်း ဘယ်လ်ဂိုရော့ဒေသတွင် လေယာဉ်တစ်စီး ပျက်ကျပြီး မီးလောင်ပေါက်ကွဲသွားပုံကို မြင်တွေ့ကြရသည်။

ယူကရိန်းနယ်စပ်ဒေသ ခါကိဗ်မြို့အနီး စခန်းချနေသော ယူကရိန်းတပ်ဖွဲ့က ရုရှားကုန်တင်လေယာဉ်ကို ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရုရှားက ဆိုသည်။

အဆိုပါ ပစ်ခတ်မှု နှင့် ပတ်သက်၍ ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားသည် စစ်သုံ့ပန်းများကို အသုံးချပြီး ယူကရိန်းကို အကြမ်းဖက်အဖြစ် ပုံဖော်ရန်ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်။

စစ်သုံ့ပန်းလဲလှယ်ရေးကို ဇန်နဝါရီ ၂၄ ရက်တွင် ပြုလုပ်ရန် နှစ်ဘက်သဘောတူထားခဲ့ကြောင်း၊ လေယာဉ်ပျက်ကျမှုဖြစ်ပွါးပြီး နာရီအတန်ကြာသည်အထိ ရုရှားတို့ဘက်က စစ်သုံ့ပန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက် မရရှိခဲ့သလို လေကြောင်းလမ်းလုံခြုံရေးအတွက် ကြိုတင် အသိမပေးခဲ့ဟု ဟု ယူကရိန်းစစ်ဘက်က ဆိုသည်။

“ လေယာဉ်ပေါ်မှာ ဘယ်သူတွေလိုက်ပါလာတယ်၊ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတဲ့ ခိုင်လုံတိကျတဲ့ သတင်း အချက်အလက် ခုထိ ကျွန်တော်တို့မရသေးပါဘူး” ဟု ယူကရိန်း ထောက်လှမ်းရေးအေဂျင်စီက ထုတ်ပြန်သည်။

ယူကရိန်းစစ်သုံ့ပန်းများ သယ်ဆောင်လာသည့် ရုရှားစစ်လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်ပြီး ရုရှား နှင့် ယူကရိန်းအကြား အပြန်အလှန်စွပ်စွဲလျှက်ရှိနေကြသည်။

NN-27

Ref:Reuters

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!