ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

အမေရိကန်စစ်သား သုံးဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုအတွက် ဆီးရီးယား နှင့် အီရတ်ရှိ အီရန်ပစ်မှတ်များကို အမေရိကန်က တုန့်ပြန်တိုက်ခိုက်မည်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 495

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုကို အီရန်ထောက်ခံအားပေးသော စစ်သွေးကြွအုပ်စုတစ်စုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အမေရိကန် စစ်သား သုံးဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်က ဆီးရီးယား နှင့် အီရတ်ရှိ အီရန်ပစ်မှတ်များကို ဆက်တိုက် တိုက်ခိုက်သွားရန် ဆုံးဖြတ်လိုက်ပြီဟု အမေရိကန်အရာရှိများက စီဘီအက်စ်သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

အီရတ်ရှိ အီရန်ထောက်ခံအားပေးသော အစ္စလာမ်မစ် တော်လှန်ရေးအဖွဲ့က ဂျော်ဒန်နိုင်ငံရှိ Tower-22 အမေရိကန်စစ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်စစ်သား သုံးဦးသေဆုံးခဲ့ရသည်။

အစ္စရေး နှင့် ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲဖြစ်ပွားခဲ့သည့် အောက်တိုဘာ(၇)ရက် နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင် ပထမဆုံးအကြိမ် အမေရိကန်စစ်သား သုံးဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး သမ္မတဘိုင်ဒင် အစိုးရက လက်တုန့်ပြန်ရန် ချိန်ဆနေခဲ့သည်။


အမေရိကန်​၏ လက်တုန့်ပြန် တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲကျယ်ပြန့် လာမည်ကို ဘိုင်ဒင်က မလိုလားသော်လည်း ရီပတ်ဘလစ်ကင်အမတ်များ​၏ ဖိအားပေးမှုနှင့်အတူ ယခုနောက်ဆုံး အမေရိကန်က ဆီးရီးယား နှင့် အီရတ်ရှိ စစ်သွေးကြွအုပ်စုများကို တိုက်ခိုက်ရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။

အီရန်တော်လှန်ရေးအစောင့်တပ်သည် အီရတ်ရှိ အစ္စလာမ်မစ် တော်လှန်ရေးအဖွဲ့ များကို ငွေကြေးနှင့် လက်နက်များထောက်ပံ့ခြင်း၊ လေ့ကျင့်ပေးခြင်းများပြုလုပ်လျှက်ရှိပြီး ဂျော်ဒန်ရှိ အမေရိကန် စစ်စခန်း တိုက်ခိုက်မှုကို အဆိုပါအဖွဲ့က ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန် စစ်သား သုံးဦးသေဆုံးပြီး ၄၁ဦးဒဏ်ရာရရှိခဲ့သည့် Tower- 22 တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အီရန်နိုင်ငံက မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

အမေရိကန်ထောက်လှမ်းရေးသတင်းအချက်အလက်များအရ ဂျော်ဒန်ရှိ အမေရိကန်စစ်စခန်းအား တိုက်ခိုက်ခဲ့သည့် ဒရုန်းမှာ အီရန်နိုင်ငံလုပ် ဒရုန်းဖြစ်ပြီး ယူကရိန်းအား တိုက်ခိုက်ရန် ရုရှားသို့ အီရန်က ပေးပို့ခဲ့သည့် ဒရုန်းနှင့် အတူတူပင်ဖြစ်သည်ဟု အမေရိကန်အရာရှိများက ဆိုသည်။


ဆီးရီးယား နှင့် အီရတ်ရှိ ပစ်မှတ်များကို မည်သည့်နေ့ရက်၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် တိုက်ခိုက်မည်ဆိုသည်ကိုမူ အမေရိကန်ဘက်က ထုတ်ဖော်ပြောဆိုခြင်းမပြုသေးပေ။

ကြာသပတေးနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လွိုက် အော်စတင်က လက်တုန့်ပြန်မှု နှောင့်နှေးနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး အချိန်၊ နေရာ နှင့် တုန့်ပြန်ပုံများကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်တို့​၏ လက်တုန့်ပြန်တိုက်ခိုက်လာမည့်အရေးနှင့်ပတ်သက်၍ " အမေရိကန်အရာရှိတွေရဲ့ အီရန်ကို ပစ်မှတ်ထား ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ကြားပါတယ်။ စမ်းကြည့်လိုက်ပါ။ အကြောင်းသိတွေပဲ လို့ သူတို့ကို ပြောလိုက်တယ်။ ခြိမ်းခြောက်မှုတွေကိုတော့ ငြိမ်ခံနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့က စစ်ဖြစ်အောင် လုပ်နေတာမဟုတ်ဘူး။ စစ်ဖြစ်လာခဲ့ရင်လည်း ကြောက်နေမှာမဟုတ်ဘူး" ဟု အီရန် တော်လှန်ရေးအစောင့်တပ်​၏ တပ်မှူးချုပ် ဗိုလ်မှူးချုပ် ဟိုစိန် ဆာလာမီက ပြောကြားခဲ့သည်။ NN-27 ref: bbcworld/ the guardian

ဆက်စပ် သတင်းများ