စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အမေရိကန်နိုင်ငံ၊ တက္ကဆက်တွင် ပြည်တွင်းစစ်ဖြစ်ပွါးနေပြီဟု တရုတ်နိုင်ငံ၌ သတင်းမှားများ ပျံ့နှံ့


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 798

တက္ကဆက်ပြည်နယ်အစိုးရ နှင့် အိမ်ဖြူတော်တို့အကြား တရားမဝင် ဝင်ရောက်နေထိုင်သူများအရေး နှင့်ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်မှု အရှိန်မြင့်မားနေစဉ် အမေရိကန်နိုင်ငံ၌ ပြည်တွင်းစစ်ကြီးတစ်ခု စတင်ဖြစ်ပွါးနေပြီဟု တရုတ်နိုင်ငံတွင် သတင်းမှားများ ပျံ့နှံ့လျက်ရှိနေသည်ဟုသိရသည်။

တက္ကဆက်ပြည်နယ်က အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးစားရာမှ ပြည်တွင်းစစ် စတင်ဖြစ်ပွါးခြင်းဖြစ်ကြောင်း တရုတ်ဆိုရှယ်မီဒီယာများက သတင်းမှားများ ဖော်ပြကြခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်မှစ၍ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၆.၃ သန်းသည် အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်ခဲ့ရာ စံချိန်တင် အရေအတွက် များပြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့ နှင့် သမ္မတ ဂျိုးဘိုင်ဒင်တို့အကြား တင်းမာမှု မြင့်တက်လျက်ရှိသည်။

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့သည် တရားမဝင် ဝင်ရောက်လာသူများကို ဟန့်တားရန် Eagle Pass မြို့တစ်လျှောက်တွင် မိုင် ၃၀ ရှည်လျားသည့် ခြံစည်းရိုးတစ်ခုကို ကြယ်တစ်လုံးစစ်ဆင်ရေး(operation lone star) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စိုက်ထူခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့်လက အမေရိကန်ဗဟိုတရားရုံးက အက်ဘော့၏ လုပ်ဆောင်ချက်ကို ကန့်ကွက်ခဲ့သော်လည်း ရီပတ်ဘလစ်ကင်အမတ်များက တရားမဝင် ဝင်ရောက်လာသူများကို ကျူးကျော်သူဟု ခေါ်ဆိုပြီး သံဆူးကြိုးကာရံမှုများ ထပ်မံပြုလုပ်သွားမည်ဟု ကြုံးဝါးခဲ့သည်။

တက္ကဆက်ပြည်နယ်ဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ ဆိုရှယ်မီဒီယာများက တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့သည် အမေရိကန်ဗဟိုအစိုးရအား တော်လှန်ပုန်ကန်ရန် ပြင်ဆင်နေပြီး အမေရိကန်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်နေပြီဟု ရေးသားနေကြသည်။

“တက္ကဆက်က စစ်ကြေညာပြီ” ဟု ရေးသားထားသော စာသားများသည် တရုတ်နိုင်ငံ၏ အထင်ရှားဆုံး Sina Weibo လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေခဲ့သည်ဟု ဆိုသည်။

NN-27

Ref:bbcworld

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!