အီရတ်နိုင်ငံ၊ဘဂ္ဂဒက်မြို့အရှေ့ပိုင်းရှိ လူစည်ကားသောနေရာတစ်ခုကို ဖေဖော်ဝါရီ-၇ ရက် (ဗုဒ္ဓဟူးနေ့)ညပိုင်းက အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ မော်တော်ကားတစ်စီးထိမှန်ပေါက်ကွဲပြီး လွန်ခဲ့သည့်အပတ်က ဂျော်ဒန်ရှိ အမေရိကန်စစ်သားများကိုတိုက်ခိုက်ခဲ့ရာတွင် အဓိကဦးဆောင်ပါဝင်ခဲ့သည့်ခါတစ် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအုပ်စုမှ ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံးသွားသည်ဟုသိရှိ၇သည်။
ဘဂ္ဂဒက်အရှေ့ပိုင်း မက်ရှ်တယ်လ်အရပ်ရှိလူစည်ကားသော လမ်းပေါ်တွင် သွားနေသည့် မော်တော်ကားကို အမေရိကန်ဒရုန်းကပစ်မှတ်တိကျစွာဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့်မော်တော်ကား ပေါက်ကွဲသွားပြီး ကားပေါ်တွင်လိုက်ပါလာသော စစ်သွေးကြွခေါင်းဆောင်သေဆုံးသွားသည်ဟု အမေရိကန်အရာရှိများက ပြောကြားသော်လည်း အီရတ်ရှိအီရန်ကျောထောက်နောက်ခံ စစ်သွေးကြွအဖွဲ့က လူ သုံးဦး သေဆုံးကြောင်း၊သေဆုံးသူများထဲတွင် ဆီးရီးယားရှိ ခါတစ် ဟစ်ဇဘိုလာ စစ်ဆင်ရေးခေါင်းဆောင်တပ်မှူးအဘူဘေကာ အယ်လ် ဆာဒီ ဟု လူသိများသည့် ဝစ်ဆမ် မိုဟာမက် ဆာဘီ အယ်လ် ဆာဒီ လည်းပါဝင်သည်ဟု ပြောကြားခဲ့သည်။
လူစည်ကားရာနေရာရှိမော်တော်ကားအား ပစ်မှတ်ထားတိုက်ခိုက်မှုတွင် အရပ်သားများထိခိုက်သေဆုံးမှုမရှိဘဲ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အရေးပေါ်ကားများရောက်ရှိလာပြီး လူအများ ဝိုင်းအုံကြည့်ရှုနေသည်ကို တွေ့မြင်၇သည်ဟုဆိုသည်။
အစောင့်အကြပ်ထူထဲစွာချထားပြီး သံတမန်အိမ်ရာအများအပြားရှိသည့် ဘဂ္ဂဒက်မြို့၊ အစိမ်းရောင်နယ်မြေ( GreenZone )ကိုအဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပိတ်ထားလိုက်သည်ဟု သိရှိရသည်။ အမေရိကန်ကျူးကျော်တပ်ဖွဲ့များ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အဖွဲ့ခေါင်းဆောင် အဘူဘေကာသေဆုံးသွားသည်ဟု ခါတစ် ဟစ်ဇဘိုလာအဖွဲ့က ကြေညာခဲ့သည်။
အမေရိကန် အလယ်ပိုင်းဒေသစစ်ဌာနချုပ်(centralcommand) ၏ထုတ်ပြန်ကြေညာချက်အရ တိုက်ခိုက်မှုတွင် အရပ်သားများ ထိခိုက်သေဆုံးမှု မရှိကြောင်း၊မိမိတို့ တပ်ဖွဲ့ကို ခြိမ်းခြောက်လာသူမှန်သမျှကို အမေရိကန်က လက်တုန့်ပြန်ရန် နှေင့်နှေးနေမည်မဟုတ်ကြောင်းဖော်ပြထားသည်။\
ယခုတိုက်ခိုက်မှုကြောင့် အမေရိကန် နှင့် အီရတ်အကြား ဆက်ဆံရေးတင်းမာမှုပိုမိုမြင့်မားလာဖွယ် ရှိသည်ဟုသိ၇သည်။
လွန်ခဲ့သည့်ရက်များအတွင်းကပင် အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားရှိ အီရန်တော်လှန်ရေး အစောင့်တပ်များနှင့် အီရန်ထောက်ခံအားပေးသော စစ်သွေးကြွများ၏ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်သွေးကြွအုပ်စုများသည် ဂျော်ဒန်တွင် အမေရိကန်စစ်သား သုံးဦး သေဆုံးခဲ့ရသည့်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည်ဟု အမေရိကန်က ဆိုသည်။ အီရတ်နိုင်ငံရှိအစ္စလာမ်မစ် တော်လှန်ရေးအုပ်စုတစ်ခု ဖြစ်သည့် ခါတစ် ဟစ်ဇ်ဘိုလာအဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်စစ်စခန်းများကို အခါအားလျော်စွာ တိုက်ခိုက်လေ့ရှိပြီးဂါဇာစစ်ပွဲတွင် အစ္စရေးဘက်မှ ထောက်ခံအားပေးနေသော အမေရိကန်ကိုလက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ NN-27
ref:Reuters/ cna