မြန်မာနိုင်ငံမှယူရေနီယံသတ္တုကုန်ကြမ်းများနှင့် မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ဆောင်ရောင်းချသူဂျပန် ယာကူဇာ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအား အမေရိကန်ကဖမ်းဆီးထိန်းသိမ်းထားပြီး နယူးယောက်၊မန်ဟက်တန်တရားရုံးတွင် တရားစွဲဆိုထားသည်ဟုသိရှိ၇သည်။
မန်ဟက်တန်တရားရုံးသည်ဂျပန် ယာကူဇာခေါင်းဆောင် တာကေရှီ အီဘီဆာဝါ နှင့် တွဲဖက်တရားခံဆွမ်ဖော့ ဆင်ဂါဆီရီ တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှုဖြင့်၂၀၂၂ခုနှစ် ဧပြီလက ဖမ်းဆီးတရားစွဲဆိုထားပြီး အမှုစစ်ဆေးစဉ်မြန်မာနိုင်ငံမှ ယူရေနီယံသတ္တုကုန်ကြမ်းများ နှင့် မူးယစ်ဆေးမှောင်ခိုသယ်ဆောင်ရောင်းချမှုထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။
တရားခံများ၏ထွက်ဆိုချက်အ၇ ၄င်းတို့သည် နျူးကလီးယာလက်နက်ထုတ်လုပ်နိုင်သည့်အဆင့်ရှိယူရေနီယံကုန်ကြမ်းနှင့် မူးယစ်ဆေးဝါးများကိုမြန်မာနိုင်ငံမှ လျှို့ဝှက်သယ်ဆောင်ပြီး ရောင်းချရငွေဖြင့်လက်နက်များဝယ်ယူကာ မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံ ပြန်လည်ရောင်းချရန်စီစဉ်နေသည်ဟု သိရှိ၇သည်။
“ သူတို့ရဲ့ ကြိုးပမ်းမှုတွေသာတကယ်အောင်မြင်ခဲ့ရင် အကျိုးဆက်တွေက မတွေးဝံ့စရာပဲ။အမေရိကန်တရားရေးဌာနအနေနဲ့ အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာတည်ငြိမ်ရေးအတွက်ဒီပစ္စည်းတွေကို သယ်ဆောင်သူတွေကို တာဝန်ယူမှုရှိရှိနဲ့အရေးယူဆောင်ရွက်သွားပါမယ်” ဟု အမေရိကန်တရားရေးဌာနမှ ရှေ့နေချုပ် မက်သယူး အိုလ်ဆင်က ပြောကြားခဲ့သည်။
ဥပဒေအကျိုးဆောင်များ၏ပြောကြားချက်အရ ရာကူဇာခေါင်းဆောင် အီဘီဆာဝါသည် မြန်မာနိုင်ငံမှနျူးကလီးယားလက်နက်ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ယူရေနီယံသတ္တုကုန်ကြမ်းများကိုမူးယစ်ဆေးဝါးများနှင့်အတူ ပြောင်ပြောင်တင်းတင်းသယ်ဆောင်လာခဲ့သည်ဟုဆိုသည်။
လက်နက်များပြန်လည်ဝယ်ယူရာတွင် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များပါဝင်သည်ဟု သိရှိ၇သည်။
၂၀၂၀ခုနှစ်မှစ၍ အီဘီဆာဝါက သူ့တွင် ရောင်းချရန် နျူးကလီးယားလက်နက်ထုတ်နိုင်သည့်အဆင့်ရှိ ယူရေနီယံသတ္တုများ ရှိနေကြောင်း အသွင်ယူထောက်လှမ်းရေးအရာရှိတစ်ဦးကိုထုတ်ဖော်ကြွားဝါခဲ့သည်။
ထောက်လှမ်းရေးများနှင့်ထိုင်းအာဏာပိုင်များ၏ အကူအညီဖြင့် ပြုလုပ်သည့် စစ်ဆင်ရေးတွင်အဝါရောင်အမှုန့်ခဲ နှစ်ခုကို ဖော်ထုတ်ရရှပြီး ၄င်းတို့မှာ yellowcake များဖြစ်သည်ဟုတရားခံများက ထွက်ဆိုကြသည်။ yellowcake သည် နျူးကလီးယားလက်နက် ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ယူရေနီယံကွန်ပေါင်းဖြစ်သည်။
ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်အီဘီဆာဝါ၏ ထွက်ဆိုချက်အရ အဆိုပါသတ္တုများရောင်းချရငွေဖြင့်မြန်မာနိုင်ငံရှိ အမည်မဖော်ပြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကိုယ်စား လက်နက်ဝယ်ယူရန် ဖြစ်သည်ဟု သိရှိ၇သည်။
NN-27/ Ref: CNA