တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဟေတီလက်နက်ကိုင်ဂိုဏ်းသားများက မြို့တော်အကျဉ်းထောင်ကို ဝင်ရောက်စီးနင်းပြီး အကျဉ်းသား ၄၀၀၀ ကို လွှတ်ပေးခဲ့


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 589

လက်နက်ကိုင်ဂိုဏ်းအဖွဲ့ဝင်များ​၏ အကြမ်းဖက်မှုများ ကြီးထွားလာနေသည့် ဟေတီနိုင်ငံတွင် စနေနေ့က လက်ကိုင်ဂိုဏ်းအဖွဲ့များက မြို့တော် ပို့အော်ပရင့်စ် ရှိ အကျဉ်းထောင်ကြီးကို ဝင်ရောက်စီးနင်းပြီး ထိန်းသိမ်းထားသည့် အကျဉ်းသား ၄၀၀၀ ခန့်ကို လွှတ်ပေးလိုက်သည်ဟု သိရှိရသည်။

လွတ်မြောက်သွားသည့် အကျဉ်းသားများထဲတွင် ၂၀၂၁ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသွားသည့် သမ္မတ ဂျိုဗီနယ် မွိုင်ဆီ နှင့် ဆက်နွှယ်ပတ်သက်နေသူများ ပါဝင်သည်ဟု ဆိုသည်။

လက်တင်အမေရိကတွင် အဆင်းရဲဆုံး ဟေတီနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပြီး လက်နက်ကိုင်ဂိုဏ်းများက မြို့တော် ပို့အော်ပရင့်စ်အား ၈၀% ထိန်းချုပ်ထားသည့် ဝန်ကြီးချုပ် အေရီယယ် ဟင်နရီကို ဖြုတ်ချရန် ကြိုးပမ်းလျှက်ရှိသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ဟေတီဝန်ကြီးချုပ်သည် ကင်ညာနိုင်ငံသို့သွားရောက်ကာ ကင်ညာဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့အား ဟေတီတွင် တာဝန်ယူပေးရန် ကမ်းလှမ်းခဲ့ချိန်မှစ၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ လက်နက်ကိုင်ဂိုဏ်းအဖွဲ့ခေါင်းဆောင် ဂျင်မီ ချေရီဇီယာ က ဝန်ကြီးချုပ်အားဖြုတ်ချရန် လက်နက်ကိုင်ဂိုဏ်းအဖွဲ့ပေါင်းစုံက အတူ ပူးပေါင်း တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများကြောင့် ရဲအရာရှိလေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်။ ဟေတီရဲများက ဝင်ရောက်စီးနင်းခံရသည့် အကျဉ်းထောင်တွင် အင်အားဖြည့်တင်းရန် စစ်တပ်ကို အကူအညီတောင်းခဲ့သော်လည်း စစ်တပ်တွင် အင်အားမရှိသည့်အတွက် လက်နက်ကိုင်ဂိုဏ်းများသည် စနေနေ့ကတည်းက အကျဉ်းထောင်တစ်ခုလုံး သိမ်းပိုက်ထားနိုင်ခဲ့သည်။

တနင်္ဂနေ့တွင် အကျဉ်းထောင်တံခါးမကြီး ပွင့်နေသည်ကို တွေ့မြင်ရပြီး အထဲတွင် တစ်ဦး တစ်ယောက်မျှ မတွေ့ရဘဲ ထွက်ပြေးရန်ကြိုးစာရင်း ထောင်ဝင်းအတွင်း လဲကျသေဆုံးနေသော အကျဉ်းသားသုံးဦးကိုသာ တွေ့မြင်ရသည်ဟု ရိုက်တာသတင်းက ဖော်ပြထားသည်။ ဟေတီနိုင်ငံတွင် သမ္မတ မွိုင်ဆီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်ပိုင်းအချိန်မှစ၍ အကြမ်းဖက်မှုများ တိုးပွားလာခဲ့ပြီး အစားထိုးရန် ရွေးကောက်ပွဲကိုလည်း ၂၀၁၆ခုနှစ်ကတည်းက မကျင်းပနိုင်တော့ပေ။

ကြားကာလနိုင်ငံရေးသဘောတူညီချက်များအရ ရွေးကောက်ပွဲကျင်းပရမည်ဖြစ်ပြီး ရွေးကောက်ခံမဟုတ်သည့် လက်ရှိဝန်ကြီးချုပ် ဟင်နရီက ဖေဖော်ဝါရီ(၇)ရက်တွင် နှုတ်ထွက်ပေးရမည် ဖြစ်သေည်လည်း နှုတ်ထွက်ခြင်းမပြုဘဲ ဆက်လက်အာဏာရယူထားခဲ့သည်။

နောက်ဆုံးရရှိသောသတင်းများအရ မြို့တော် ပိုအော်ပရင့်စ်တွင် (၇၂)နာရီ အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်ဟု သိရှိရသည်။

NN-27 ref:Reuters/ bbcworld

ဆက်စပ် သတင်းများ