သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ဩစတြေးလျတွင်ကျင်းပသည့် အာဆီယံ အထူးထိပ်သီးအစည်းအဝေးက ပင်လယ်ရေကြောင်းလုံခြုရေး၊ ကုန်သွယ်ရေးနှင့် တောင်တရုတ်ပင်လယ်အရေးကို အဓိကထားဆွေးနွေးခဲ့ကြ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 499

ဩစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ အထူးထိပ်သီးအစည်းအဝေးကို မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မဲလ်ဘုန်းမြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှအပ အာဆီယံ (၉) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း နှင့် တောင်တရုင်္တပင်လယ်တွင် တရုတ်​၏ ဩဇာလွှမ်းမိုးလာမှုနှင့် သက်ဆိုင်သည့် ကိစ္စများကို ဆွေးနွေးမည်ဟု အစည်းအဝေးမတိုင်မီက ခန့်မှန်းခဲ့သော်လည်း ဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အရေး နှင့် အာဆီယံဒေသတွင်း တရုတ်​၏ ဩဇာလွှမ်းမိုးမှုအရေးကိုသာ အဓိက ဆွေးနွေးခဲ့ကြသည်။

International Crisis Group ​၏ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Huong Le Thu က အာဆီယံနိုင်ငံများသည် တရုတ်ကို ချဉ်းကပ်ရာ၌ အမြဲလိုလို အမြင်မတူကွဲပြားမှု ရှိနေကြောင်း၊ နိုင်ငံတိုင်းကလည်း တရုတ် နှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်ဆံရေးများရှိနေကြောင်း၊ မြန်မာ နိုင်ငံတွင်ဖြစ်ပေါ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကလည်း အာဆီယံနိုင်ငံများ​၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ နိုင်ငံတကာအစုအဖွဲ့တစ်ခုအနေနှင့် မြန်မာပြဿနာကို ဖြေရှင်းနိုင်စွမ်းမရှိသေးကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဩစတြေးလျ နှင့် အာဆီယံနိုင်ငံများအကြား သံတမန်ဆက်သွယ်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် အာဆီယံအထူးထိပ်သီးအစည်းအဝေးကို ဩစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ဩစတြေးလျသည် အာဆီယံနိုင်ငံများနှင်အတူ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှု နှင့် တန်းတူညီမျှမှုကို အခြေခံကာ ပူးပေါင်းလက်တွဲ သွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းလုံခြုံရေး၊ ကုန်သွယ်ရေးနှင့် သန့်စင်စွမ်းအင် ရရှိရေးသည် အာဆီယံနိုင်ငံများနှင့်အတူ ဩစတြေးလျ​၏ အနာဂတ်မျှော်မှန်းချက်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေစဉ်မှာပင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘောများနှင့် ရိက္ခာဖြည့် ဖိလစ်ပိုင်ရေတပ်သင်္ဘောတို့ ထပ်တိုက်တွေ့ဆုံခဲ့ပြီး တရုတ်ရေတပ်သင်္ဘောများ​၏ နှောက်ယှက်မှုကြောင့် ဖိလစ်ပိုင်ရေတပ်သင်္ဘောသားအချို့ ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်က မနီလာရှိ တရုတ်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံကာ သတိပေးကန့်ကွက်မှု ပြုခဲ့ရသည်။

ပေကျင်းသည် နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံကျော် တန်ဖိုးရှိသော သင်္ဘောဖြင့် ကူးသန်းရောင်းဝယ်ရေးပြုလုပ်သည့် လမ်းကြောင်းဖြစ်သည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ကြေညာထားပြီး ဖိလစ်ပိုင်နှင့် ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားလျှက်ရှိသည်။  

NN-27/ Ref: TRTWorld, Financial Express.

ဆက်စပ် သတင်းများ