သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ဆိုမာလီပင်လယ်ဓါးပြများ ဘင်္ဂလားဒေ့ရှ်ကုန်တင်သင်္ဘောကို အပိုင်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 973

(အိန္ဒိယရေတပ်သင်္ဘောက နောက်ယောင်ခံလျှက်ရှိပြီး ယခုချိန်ထိ အဆက်အသွယ်မရသေး)

နွေနေ၊ နိရဉ္စရာ၊ မတ် ၁၇/၂၀၂၄ (နိုင်ငံတကာ)

ဆိုမာလီပင်လယ်ဓါးပြများသည် ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘော MV Abdullah အပိုင်စီးလိုက်ပြီးနောက် ယခုအချိန်ထိ အဆက်အသွယ်မရဘဲ ဖြစ်နေသည်ဟု သိရသည်။

၎င်းသင်္ဘော သည် သောကြာနေ့က မူလကျောက်ချရပ်နားနေသည့် (ဆိုမာလီကမ်းခြေမှ ရေမိုင်(၇)မိုင်အကွာ)မှ အခြားနေရာတစ်ခုသို့ ရုတ်တရက်ပြောင်းရွှေ့သွားကြောင်း သင်္ဘောကုမ္ပဏီ၏ မီဒီယာအကြံပေး မီဇာနူအစ္စလာမ်က ပြောကြားခဲ့သည်။

“ သင်္ဘော နောက်ဆုံးရောက်ရှိနေတဲ့နေရာကို ကျနော်တို့ ခြေရာခံနေဆဲပါ။ ဘာ့ကြောင့် ခုလို ရုတ်တရက် နေရာရွေ့သွားသလဲတော့မသိသေးဘူး။ အခုချိန်ထိလည်း ပင်လယ်ဓါးပြတွေဘက်က ပြန်ပေးငွေတောင်းတာမျိုး အဆက်သွယ်လည်း တစ်ခုမှ မရှိသေးပါဘူး။ ဒါပေမယ့် သင်္ဘောသားတွေရဲ့ ကျန်းမာရေး ကောင်းပါတယ်” ဟု မစ္စတာ မီဇာနူအစ္စလာမ်က ဆိုသည်။

သင်္ဘောသား၂၃ ဦးပါဝင်သည့် ဘင်္ဂလားဒေ့ရှ်ကုန်တင်သင်္ဘော MV Abdullah သည် ဆိုမာလီ ပင်လယ်ဓါးပြများ၏ အပိုင်စီးခံရပြီးနောက် မူလကျောက်ချရပ်နားထားသည့်နေရာမှ အခြား တစ်နေရာသို့ သောကြာနေ့က ပြောင်းရွှေ့သွားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်က အပိုင်စီးခံသင်္ဘောနှင့် သင်္ဘောသားများ ပြန်လည်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားနေသည်ဟု ဆိုသည်။

ထိုအတောအတွင်း အိန္ဒိယရေတပ်စစ်သင်္ဘောတစ်စီးက အပိုင်စီးခံသင်္ဘောကို ဆိုမာလီရေပိုင်နက်အထိ ခြေရာခံလိုက်ကြည့်နေသည်ဟု သိရသည်။

အိန္ဒိယရေတပ်သည် ပင်လယ်ပြင် တာဝေးကင်းလှည့် လေယာဉ်(LRMP) တစ်စင်းကိုလည်း စေလွှတ်ထားပြီး သင်္ဘောကို ခြေရာခံစောင့်ကြည့်လျှက်ရှိသည်။  သို့သော် သင်္ဘောနှင့် မည်သည့် အဆက်အသွယ်မျှ မရသေးဟုဆိုသည်။

“လက်နက်ကိုင် ပင်လယ်ဓါးပြများ၏ ဖမ်းဆီးခံထားရသော သင်္ဘောသားများအားလုံး၏ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် အိန္ဒိယရေတပ်သင်္ဘောက ဆိုမာလီရေပိုင်နက်အနီးထိ လိုက်ပါစောင့်ကြည့်လျှက်ရှိသည်” ဟု အိန္ဒိယရေတပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သင်္ဘောကပ္ပတိန် အတစ် အူလာခန်က ၄င်းတို့၏ ဘင်္ဂလားဒေ့ရှ်အလံတင် MV Abdullah သင်္ဘောမှာ အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းနေစဉ် ပင်လယ်ဓါးပြများ၏ အပိုင်စီးမှုခံခဲ့ရကြောင်း မိသားစုထံသို့ အသံမက်ဆေ့ပေးပို့ခဲ့သည်။

သင်္ဘောသားအားလုံး အသက်အန္တရာယ်ကင်းကြောင်း၊ ပင်လယ်ဓါးပြများသည် အာလုံးကို သင်္ဘောအခန်းတစ်ခန်းတွင် ထည့်ထားကြောင်း၊ အပိုင်စီးခံရပြီးနောက် နောက်ထပ် ပင်လယ်ဓါးပြ ၁၅ ဦး ၂၀ ဦးခန့် ထပ်မံရောက်ရှိလာကြောင်း အတစ်ခန်က သင်္ဘောကုမ္ပဏီသို့ ဖုန်းဆက်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘော MV Abdullah သည် သင်္ဘောသား ၂၃ ဦးနှင့်အတူ ကျောက်မီးသွေးများ တင်ဆောင်လျှက် မိုဇမ်ဘစ်မှ ယူအေအီးသို့ မောင်းနှင်လာစဉ် ပြီးခဲ့သည့်အင်္ဂါနေ့က အိန္ဒိယသမုဒ္ဒရာအတွင်း ပင်လယ်ဓါးပြတို့၏ အပိုင်စီးမှု ခံခဲ့ရခြင်းဖြစ်သည်။ ref:dhkatribune

 

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!