တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဆိုမာလီပင်လယ်ဓါးပြများ​၏ ပြန်ပေးဆွဲခံထားရသော ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောအနီး ဥရောပသမဂ္ဂရေတပ်က စစ်သင်္ဘောတစ်စီး စေလွှတ်ပြီး စောင့်ကြည့်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 455

နေနွယ်၊ မတ် ၂၃/၂၀၂၄ (နိုင်ငံတကာ)

ဆိုမာလီပင်လယ်ဓါးပြများ​၏ ပြန်ပေးဆွဲခံထားရသော ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘော MV Abdullah အနီးသို့ ဥရောပသမဂ္ဂရေတပ်​၏ ပြန်ပေးဆွဲမှုတိုက်ဖျက်ရေးမစ်ရှင်အရ စစ်သင်္ဘောတစ်စီးကို စေလွှတ်ပြီး စောင့်ကြည့်လျှက်ရှိသည်ဟု သိရသည်။

ဥရောပသမဂ္ဂရေတပ်ဖွဲ့​၏ ဆိုရှယ်မီဒီယာ X တွင် ဖော်ပြထားချက်များအရ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှစ၍ ကုန်သင်္ဘောပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပေါ်ခဲ့သည်ဟု သိရှိရပြီး ကုန်တင်သင်္ဘောပြန်ပေးဆွဲမှု သုံးခုအနက် ဘင်္ဂလားဒေ့ရှ် ကုန်သင်္ဘော MV Abdullah မှာ ဆိုမာလီပင်လယ်ဓါးပြများ လက်အောက်တွင် ရှိနေဆဲဖြစ်သည်ဟု သိရသည်။

အရှေ့အာဖရိကပင်လယ်ပြင်တွင် သွားလာနေသော ကုန်တင်သင်္ဘောများကို အကာအကွယ် ပေးနေသည့် ဥရောပသမဂ္ဂရေတပ်ဖွဲ့(EUNAVFOR) က ဘင်္ဂလားဒေ့ရှ်အလံတင်ကုန်သင်္ဘောကို စတင်ပြန်ပေးဆွဲခံရသည့် မတ်လ ၁၂ ရက်နေ့မှ စတင်၍ အနီးကပ်စောင့်ကြည့်နေသည်ဟု ဆိုသည်။

ဥရောပရေတပ်​ဖွဲ့​၏ X တွင်ဖော်ပြထားသော သတင်းများအရ ၂၀၂၃၊ နိုဝင်ဘာ၂၄ရက်မှစ၍ အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီပင်လယ်ပြင်တွင် ပြန်ပေးဆွဲခံခဲ့ရသော ကုန်သင်္ဘော ၂၄ စီးရှိပြီဟုသိရသည်။

ဘင်္ဂလားဒေ့ရှ် ကုန်သင်္ဘော MV Abdullah သည် သင်္ဘောဝန်ထမ်း ၂၃ ဦးနှင့်အတူ မိုဇမ်ဘစ်မှ ယူအေအီးသို့ အသွား အိန္ဒိယသမုဒ္ဒရာတွင် ဆိုမာလီပင်လယ်ဓါးပြများ​၏ ပြန်ပေးဆွဲခြင်း ခံလိုက်ရခြင်းဖြစ်သည်။

ပင်လယ်ဓါးပြများနှင့် ဆက်သွယ်ရန်အကြိမ်ကြိမ် ကြိုစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် ပင်လယ်ဓါးပြများက သင်္ဘောပိုင်ရှင်ထံ စတင်ဆက်သွယ်လာခဲ့သည်။

ရိုက်တာသတင်း​၏ ဖော်ပြချက်အရ ဆိုမာလီ Puntland ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာရေတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကုန်သင်္ဘောနှင့် ဓါးစားခံသင်္ဘောသားများ လွတ်မြောက်ရေးအတွက် စစ်ရေးအရ ဝင်ရောက် ကယ်တင်ရန် ပြင်ဆင်လျှက်ရှိသည်ဟု သိရသည်။ သို့သော် သင်္ဘောကုမ္ပဏီ Kabir Group ​၏ ပြောရေးဆိုခွင့်ရှိသူ မီဇာနူလ် အစ္စလာမ် က စစ်ရေးအရ ဝင်ရောက်ကယ်တင်မှုကို သင်္ဘောပိုင်ရှင်က မလိုလားကြောင်း၊ ထိုသို့ စစ်ရေးအရ ဝင်ရောက်လျှင် သင်္ဘောသားများ​၏ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ပြောဆိုခဲ့သည်။ Ref:bdnews24

ဆက်စပ် သတင်းများ